ပြည်ထောင်စုကခွဲထွက်မှာ မဟုတ်လို့ ဝတပ်ဖွဲ့ပြော

UWSA ဝတပ်ဖွဲ့ဝင်များ
Image caption UWSA ဝတပ်ဖွဲ့ဝင်များ

မိုင်းမောခရိုင်မှာ ဒီဇင်ဘာလ၂၀ရက် နေ့ကနေ မနေ့က၂၉ ရက်နေ့အထိ ၁၀ရက်ကြာ၀ပြည် သွေးစည်းညီညွတ်ရေး ပါတီရဲ့ငါးကြိမ်မြောက် ခရိုင်အဆင့် ပါတီညီလာခံ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

အဲဒီ ပါတီညီလာခံ ကနေပါတီရဲ့အနာဂတ် လုပ်ငန်းစဉ်နဲ့ပက်သက်ပြီး နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး ကိစ္စတွေ ဆွေးနွေးခဲ့ပါတယ်။

ပါတီက ဆွေးနွေးချမှတ်ခဲ့တဲ့ မူ၀ါဒအတိုင်း ၀ ဒေသဖွံ့ဖြိုးတိုးတက်အရေးအတွက် ပြည်တွင်းပြည်ပက အဖွဲ့အစည်းတွေ အပါအ၀င် စီးပွားရေး လုပ်ငန်းရှင်ကုမ္ပဏီကြီးတွေနဲ့ အတူလက်တွဲပူးပေါင်းသွားဖို့ဆိုတဲ့အကြောင်း ခရိုင်ပါတီကော်မတီ၀င် တဦးက ပြောပြပါတယ်။

ဒါ့အပြင် ၀ တပ်ဖွဲ့မှာ ရန်သူနည်းပြီး မိတ်ဆွေများရမယ်ဆိုတဲ့ နိုင်ငံရေးလမ်းစဉ်အောက်ကပါတဲ့ ပေါ်လစီအတိုင်း ပြည်တွင်းပြည်ကလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းနဲ့ဖြစ်စေ၊ ငြိမ်းချမ်းရေးယူထားတဲ့ အဖွဲ့အစည်းနဲ့ဖြစ်စေ တိုင်းရင်းသား အဖွဲ့အစည်းများ အားလုံးနဲ့မဟာမိတ်တွေ ဖွဲ့ပြီး မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး နဲ့လူမှုရေးကို ညီညီညွတ်ညွတ်နဲ့ အတူလက်တွဲ ဖြေရှင်းဖို့ပါ ဆုံးဖြတ်ချက်ချခဲ့တယ်လို့ဆိုပါတယ်။

ဒါပေမဲ့ နယ်ခြားစောင့်တပ် ကိစ္စနဲ့ပက်သက်ပြီးတော့ နဂိုမူလကပြောဆိုထားတဲ့အတိုင်းပဲ ၀ တပ်ဖွဲ့ဟာနယ်ခြားစောင့်တပ်အသွင်ပြောင်းရေး ကိုဆက်လက်ကန့်ကွက်မယ် ၀ပြည်ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးအတွက် ဆက်လက်ကိုင်စွဲသွားမယ်ဆိုတဲ့အကြောင်း၊ နောက်ပြီးတော့ ၀ တပ်ဖွဲ့အနေနဲ့ ပြည်ထောင်စုကနေလဲ ခွဲမထွက်ဘူး ဒါပေမဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်ရှိတဲ့ ၀ပြည်နယ်ရရှိတဲ့အဆင့်ထိတော့ ဆက်လက် တောင်းဆိုသွားမယ်လို့ မြောက်ပိုင်းခရိုင်ပါတီ၀င်တဦးက ဘီဘီစီကိုပြောသွားတာပါ။