နိုင်ငံရေး အကျဉ်းသားတွေ အတွက် NLD ရန်ပုံငွေ ရှာ

dassk_fund_fair
Image caption ၃ရက် ကြာ ကျင်းပမယ့် ရန်ပုံငွေပွဲ ဖွင့်လှစ်

နိုင်ငံရေး အကျဉ်းသားတွေ၊ HIV ဝေဒနာ ရှင် တွေ နဲ့ ဂီရိ မုန်တိုင်းခံ ပြည်သူ တွေ အတွက် ရန်ပုံငွေ ရှာတဲ့ စျေးရောင်းပွဲ ကို NLD ဌာနချုပ် အတွင်း မှာ တနင်္ဂနွေ နေ့ က စတင် ပြုလုပ်ခဲ့ ပါတယ်။

ဆိုင်ခန်းပေါင်း ၁၇ ခန်း ရှိပြီး အမှတ်တရ ပစ္စည်းတွေ၊ စာအုပ်တွေ၊ အနယ်နယ် အရပ်ရပ် က တက်လာကြတဲ့ NLD အဖွဲ့ဝင် တွေ က ယူဆောင်လာတဲ့ ဒေသထွက် ပစ္စည်းတွေ၊ အစား အသောက်တွေ စသဖြင့် အစုံ အလင် ကို ရောင်းချ ကြောင်း အခု စျေးရောင်း ပွဲ ကို ဦးစီး ကျင်းပတဲ့ NLD ဗဟို အမျိုးသမီး အဖွဲ့ က တာဝန်ခံ ဖြစ်သူ ဒေါက်တာ မေဝင်းမြင့် က ဘီဘီစီ ကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပေးတဲ့ ပစ္စည်း တွေ နဲ့ သူ အိမ်ချုပ် ကျစဉ် ကာလ က ကွန်ပြူတာနဲ့ ဆွဲ ထားတဲ့ ပုံ ပို့စကဒ် တွေ ကို လူတွေ အဝယ်များ ကြကြောင်း လည်း ဒေါက်တာ မေဝင်းမြင့် က ပြောပါတယ်။

နတ်မောက် က NLD အဖွဲ့ဝင် တွေ က ဗိုလ်ချုပ် အောင်ဆန်း မိသားစု ရဲ့ အိမ်မြေခြံ အတွင်း က မြေကြီး တွေ ကို ယူဆောင် လာကာ၊ မြေကြီး နဲနဲ စီ ကို ပလပ်စတစ် အိတ် နဲ့ အထုတ် ကလေး တွေ ထုတ်ပြီး ရန်ပုံငွေ အတွက် ရောင်းချ ကြတာ ကို လည်း စျေးပွဲ လာသူ လူအများ က စိတ်ဝင်တစား ဝယ်ယူ ကြတယ် လို့ သိရပါတယ်။

အခု ရန်ပုံငွေ စျေးပွဲ လာသူ တွေဟာ နိုင်ငံရေး လုပ်ကြသူတွေ၊ နိုင်ငံရေး အကျဉ်းသား တွေရဲ့ မိသားစု တွေ နဲ့ အရပ်သား ပြည်သူ တွေ ဖြစ်ကြောင်း နဲ့ စည်ကား တဲ့ အကြောင်း လည်း ပွဲ စီစဉ် ကြသူတွေက ပြောပါတယ်။

အခု ရန်ပုံငွေ ပွဲ ကို လာမယ့် ဇန်နဝါရီ လ ၄ ရက် လွတ်လပ်ရေး နေ့ အထိ ဆက်လက် ရောင်းချ သွားမယ့် အကြောင်း သိရ ပါတယ်။