ထားဝယ် ရေနက် ဆိပ်ကမ်း စီမံကိန်း စပြီ

infrastructure
Image caption ထားဝယ် စီမံကိန်း အစိတ်အပိုင်း အဖြစ် ထိုင်းမြန်မာ ဆက်သွယ်မဲ့ ဟိုင်းဝေးလမ်း စတင် ဖောက်လုပ်

မြန်မာနိုင်ငံ တောင်ပိုင်းက ထားဝယ် ဆိပ်ကမ်းနဲ့ စက်မှုဇုံ စီမံကိန်း အတွက် ဆောက်လုပ်ရေး လုပ်ငန်းတွေကို ထိုင်းကုမ္ပဏီတွေက စတင် လုပ်ကိုင် နေပါပြီ။

ပထမ အဆင့် အနေနဲ့ ထိုင်းနဲ့ မြန်မာနိုင်ငံကို ဆက်သွယ်မဲ့ အဝေးပြေး ကားလမ်းမကို စပြီး ဆောက်လုပ်နေပါတယ်။

ခုစီမံကိန်းမှာ ရေနက်ပိုင်း ဆိပ်ကမ်းတခု၊ ဓာတ်ငွေ့ ပိုက်လိုင်းတွေနဲ့ အကြီးစား စက်မှုဇုံ တခု ပါဝင်ပါတယ်။

ခုထားဝယ် ဆိပ်ကမ်းနဲ့ စက်မှုဇုံ စီမံကိန်း ဧရိယာဟာ စတုရန်းမိုင် နှစ်ရာ့ငါးဆယ် ကီလို မီတာ ဝန်းကျင် အကျယ်ရှိပြီး ဟိုင်းဝေးလမ်း၊ မီးရထားလမ်း အပြင် ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း၊ နောက် ရေနက်ပိုင်း ဆိပ်ကမ်းတခု ဆောက်လုပ်ရေးတို့ ပါဝင်ပြီး အားလုံး ပြီးစီးဖို့ အနည်းဆုံး ဆယ်နှစ်လောက် အချိန်ယူ ဆောက်လုပ်ရဖွယ် ရှိပါတယ်။

ကုန်ကျ စရိတ်ကလည်း မနည်းပါဘူး။ စုစုပေါင်း ကုန်ကျစရိတ် အမေရိကန် ဒေါ်လာ ငါးဆယ့်ရှစ် ဘီလီယံလောက်ထိ ကုန်ကျမယ်လို့ ခန့်မှန်းထားပါတယ်။

ရေနက် ဆိပ်ကမ်း ပြီးသွားတဲ့အခါ ကမ္ဘာ အနှံ့ သွားလာနေတဲ့ ကုန်တင် သင်္ဘောတွေဟာ ထားဝယ် ဆိပ်ကမ်းမှာ ကုန်တင် ကုန်ချ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ခု စက်မှုဇုံ တည်ဆောက်ရေး လုပ်ငန်းကို နိုင်ငံတကာက ရေနံဓာတုနဲ့ အကြီးစား ကုန်ထုတ်လုပ်ငန်း လုပ်ကိုင်နေတဲ့ ကုမ္ပဏီကြီးတွေက စိတ်ဝင်စားနေပါတယ်။

စက်မှုဇုံထဲ ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေတင်မက တရုတ် အပါအဝင် အရှေ့တောင် အာရှ ဒေသတွေက ထုတ်လုပ်တဲ့ ကုန်တွေကိုပါ ဒီဆိပ်ကမ်းကနေ အတင်အချ လုပ်နိုင် တာကြောင့် ဒေသတဝိုက်က ကုန်သွယ်ရေး လမ်းကြောင်းတွေနဲ့ပါ ချိတ်ဆက်ထားနိုင်မှာ ဖြစ်ပါတယ်။

ခုကတည်းက တရုတ်က တရုတ်နိုင်ငံ တောင်ပိုင်းကနေ မြန်မာ၊ လာအိုနဲ့ ကမ္ဘာဒီးယား နိုင်ငံတွေထဲထိ မီးရထားလမ်းနဲ့ ဟိုင်းဝေးလမ်းတွေ စဖောက်နေပြီ ဖြစ်ပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံက မီးရထားလမ်း စီမံကိန်းတွေမှာပါ တရုတ်က ရင်းနှီး မြှတ်နှံမှု လုပ်နေပြီး တရုတ် နိုင်ငံတောင်ပိုင်းနဲ့ ဗီယက်နမ်က ကုန်ပစ္စည်းတွေကို ကုန်းလမ်းကနေ ထိုင်းနိုင်ငံထဲ ဖြတ်သယ်ပြီး ထားဝယ် ဆိပ်ကမ်းကနေ ကမ္ဘာ တလွှားကို တင်ပို့နိုင်မဲ့ အနေအထား ရှိပါတယ်။

ထိုင်းနိုင်ငံထဲမှာ လေထုညစ်ညမ်းမှု အကြီးအကျယ် ဖြစ်ပွားစေတဲ့ စက်ရုံတွေ အရမ်း များနေတဲ့အတွက် မြန်မာနိုင်ငံထဲမှာ ဒီစက်ရုံတွေ ဝင်ဆောက်နိုင်မဲ့ အခွင့်အရေးကို ထိုင်းက ရင်းနှီးမြှတ်နှံသူတွေက သဘောကျနေပါတယ်။

ခုစီမံကိန်းအတွက် မြေတွေကို လယ်သမားတွေဆီက အလွယ်တကူ ရယူနေပြီး ဒီလယ်သမား တွေရဲ့ အကျိုးစီးပွားကို ထိထိရောက်ရောက် အကာအကွယ်ပေးမဲ့ အဖွဲ့အစည်း မရှိတဲ့ အတွက် လယ်သမားတွေ အနေနဲ့ ကိုယ့်လယ် လာသိမ်းတဲ့အခါ ပေးသမျှယူပြီး တခြား ထွက်သွားရုံမှအပ ဘာမှ ရွေးစရာလမ်း မရှိဘူးလို့ ထိုင်းအခြေစိုက် လူ့အခွင့်အရေး အဖွဲ့တွေက ပြောနေပါတယ်။