လယ်သမားတွေ နစ်နာမှု ထုတ်ဖော်

ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ်၊ ဒဂုံမြို့သစ်တောင်ပိုင်းနဲ့ ဒဂုံ အရှေ့ပိုင်း မြို့နယ် သုံး မြို့နယ်မှာရှိ တဲ့ ကျေးရွာ ၇ ရွာကလယ်သမား ၃၈၀ ဟာ သူတို့နဲ့ အကျိုးတူ ပူးပေါင်း ဆောင်ရွက်မယ်လို့ ကတိပြုခဲ့ကြတဲ့ ကုမ္ပဏီ ၁၁ ခုကြောင့် နစ်နာရမှု တွေကို ရန်ကုန် အရှေ့ပိုင်းခရိုင် ခယက ရုံးကို သွားရောက် တောင်းဆိုခဲ့ကြပါတယ်။

Image caption ပင်ပင် ပန်းပန်း ထွန်ယက် စိုက်ပျိုးကြရတဲ့ မြန်မာ လယ် သမား တွေရဲ့ ဘဝ

အဲဒီသူတွေဟာ ရန်ကုန်အရှေ့ပိုင်းခရိုင်ထဲက ညောင်ပင်ရွာ၊ သရက်ပင်ကန် ၊ထွန်သလုပ်၊ စစ်ပင်၊ ကြည်စု၊ ရွာသာကြီး ၊သုံးခွ စတဲ့ကျေးရွာ ၇ ရွာက လယ်မြေ ဆုံးရှုံး နေတဲ့ တောင်သူတွေနဲ့ လက်လုပ်လက်စား လယ်စာရင်းငှား တွေ ဖြစ်ကြ ပါတယ်။

အဲဒီ ဒေသခံ တောင်သူတွေပိုင်တဲ့ လယ်ဧက ငါး ထောင်ကျော်ကို ဝန်းရံခ ၊ ရွှေနင်္ဂါးမင်း၊ ရွှေဟိန်းထက်၊ ဒဂုံဆန်ထရယ် ၊အေးရှားဝေါလ်၊ ရွှေတောင်၊ ဂွတ်ဘရားသား၊ ပင်လယ်ကိုးသွယ် ၊ ဧဒင်၊ အမျိုးသား ကြီးပွား တိုးတက်ရေးနဲ့ မက်စ်မြန်မာ စတဲ့ ကုမ္ပဏီ ၁၁ ခုကနေ အကျိုးတူ ပူးပေါင်းမယ်ဆိုပြီး ၂၀၀၈ နှစ်ကုန်ပိုင်းက သိမ်းယူခဲ့ပြီးတဲ့ နောက် ၂၀၀၉ မှာ စတင် လုပ်ကိုင် ခဲ့တာဖြစ်တယ်လို့ သရက်ပင်ကန် ရွာက တောင်သူ ဦးညိုက ဘီဘီစီကို ပြောပါတယ်။

ကုမ္ပဏီတွေက အကျိုးတူ ပူးပေါင်းဆောင်ရွက်ဖို့ စတင် ညှိနှိုင်းခဲ့ တုန်းကတော့ အကျိုး အမြတ်ကို ကုမ္ပဏီ ဘက်က ခြောက်ဆယ် ရာခိုင်နှုန်း လယ်သမားတွေက လေးဆယ် ရာခိုင်နှုန်း နဲ့ သဘောတူခဲ့ကြပြီး နောက်ပိုင်းမှာ လယ်သမားတွေ ရဲ့ လယ်မြေတွေ အသိမ်းခံရတာ၊ လျော်ကြေးကို မထိုက်မတန် ပေးတာ၊ လယ်ယာ စိုက်ပျိုးခွင့် မရကြ တော့လို့ အလုပ် လက်မဲ့ ဖြစ်တာ စတဲ့ နစ်နာမှုတွေ များလာ တယ်လို့ လည်း လယ်သမားတွေ အရေး ကို လိုက်ပါ ဆောင်ရွက်ပေးသူ ရှေ့နေ ဦးဖိုးဖြူက ပြော ပါတယ်။

မက်စ်မြန်မာ ကုမ္ပဏီ လက်အောက်မှာ ရှိတဲ့ တောင်သူတွေ က လွဲရင် အလုပ် စတင်လုပ်တဲ့ အချိန်ကစပြီး လယ်သမား တွေရဲ့ရပိုင်ခွင့် တွေ မရခဲ့တဲ့ အတွက် သူတို့ နစ်နာချက် တွေကို မရမချင်း ဆက်လက် တောင်းဆို သွားမယ် လို့ လယ်သမားတွေက ပြောပါတယ်။

ဘီဘီစီက ကုမ္ပဏီ ၁၁ခု ထဲက ရွှေတောင် ကုမ္ပဏီကို ဆက်သွယ်တဲ့ အခါ သူတို့ အနေနဲ့ တောင်သူ တွေနဲ့ ဘာပြဿနာမှ မရှိဘူးလို့ ပြောပါတယ်။

ကြာသပတေးနေ့က လယ်သမား တွေ သူတို့ အခွင့်အရေး အတွက် သွားရောက် တောင်းဆိုခဲ့ကြတဲ့ အရှေ့ပိုင်းခရိုင် ခယက ရုံးက တော့ အခု ပြဿနာကို အာဏာပိုင် အဆင့်ဆင့်ကို တင်ပြ ပေးပါ့မယ်လို့ ပြောတဲ့ အတွက် လယ်သမားတွေ လူစုခွဲပြီး ပြန်လာခဲ့ကြပါတယ်။