မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု ပိုများလာနိုင်

Dawei Development Project
Image caption ထားဝယ်ရေနက်စီမံကိန်းမှာလည်း နိုင်ငံခြားရင်းနှီးမြှပ်နှံမှု အများအပြားလာဖို့ရှိ

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲအပြီး ပြည်ပက လုပ်ငန်းရှင်တွေ ရင်းနှီးမြှုပ်နှံဖို့ မြန်မာနိုင်ငံကို ပိုဆက်သွယ်မှုများလာ တယ်လို့ ပြည်တွင်းကုန်သည် အသိုင်းအဝိုင်းက ပြောပါတယ်။

ရင်းနှီးမြှုပ်နှံဖို့အတွက် မြန်မာနိုင်ငံကို သွားပြီး ဆက်သွယ်နေတဲ့ နိုင်ငံတွေကတော့ အာရှထဲက နိုင်ငံအများစုဖြစ်ပါတယ်။ ဂျပန်၊ ကိုးရီးယားနဲ့ အာဆီယံနိုင်ငံတွေ ဖြစ်ပါတယ်။

လယ်ယာစိုက်ပျိုး လုပ်ငန်းတွေမှာလည်း စိတ်ဝင်စားပြီး ဆက်သွယ်လာတာလည်းရှိတယ်လို့ ကုန်သည်တစ်ဦးက ပြောပါတယ်။

''စိုက်ပျိုးရေးကို တော်တော်များများ နိုင်ငံတွေ လုပ်ချင်ကြပါတယ်။ ကျွန်တော်တို့ နိုင်ငံက မြေလည်း ပေါတယ်၊ ရာသီဥတုလည်း ကောင်းတယ်မို့လား'' လို့ စိုက်ပျိုးရေးဆိုင်ရာ လုပ်ငန်းရှင် တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

သက်ကြီးပင်တွေဖြစ်တဲ့ ရာဘာနဲ့ စာအုန်းဆီး စိုက်ပျိုးရေးမှာလည်း ထိုင်းနဲ့ မလေးရှားက လုပ်ငန်းရှင်တွေက ဆက်သွယ်လာတာရှိတယ်လို့ ဆိုပါတယ်။

စက်မှုကုန်ထုတ်လုပ်ငန်းတွေမှာတော့ ချဉ်မျှင်အထည်ယက်လုပ်ငန်း အပါအဝင် အလုပ်သမား အများအပြားနဲ့ လုပ်ရတဲ့ စက်မှုကုန်ထုတ်လုပ်ငန်းတွေမှာ ရှင်းနှီးဖို့ ဆက်သွယ်မှုတွေ လုပ်နေပါတယ်။

ပြည်ပ လုပ်ငန်းရှင်တွေဟာ ရွေးကောက်ပွဲအပြီးမှာ မြန်မာနိုင်ငံကို လာရင်းနှီးဖို့ များလာတယ်လို့ ကုန်သည်ကြီးများ အသင်းဝင်တစ်ဦးက ပြောပါတယ်။

ဒါပေမယ့် အနောက်နိုင်ငံတွေကတော့ မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့မှုတွေ ပြုလုပ်ထားဆဲဖြစ်ပါတယ်။