စစ်ကြောရေးအတွင်း သေဆုံးမှု အထက်တင်မယ်။

beelin case
Image caption သေဆုံးသူ ဦးစံရွှေကို စစ်တပ်က မြှုပ်ထားရာ လို့ မိသားစုတွေ ယူဆနေတဲ့ နေရာ

မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှာ စစ်တပ်ရဲ့ ခေါ်ယူ စစ်ကြောမှု အတွင်း လက်လွန် သေဆုံးသွားသူ ပအို့ဝ် တောင်သူ တဦးရဲ့ အမှု ကိစ္စကို နေပြည်တော် တရားရုံးနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို တိုင်ကြားဖို့ မိသားစုတွေက ပြင်ဆင်နေပါတယ်။

ဘီးလင်း မြို့နယ် ဒေါက်ရပ် ကျေးရွာက တောင်သူ လယ်သမားကြီး ၅ဦးကို တရားမဝင် လက်နက်ကိုင် အဖွဲ့တွေနဲ့ ဆက်သွယ်တယ်လို့ စွပ်စွဲပြီး အဲဒီမှာ အခြေစိုက်တဲ့ ခလရ (၈) စစ်တပ်က ပြီးခဲ့တဲ့ ဇူလိုင်က ခေါ်ယူ စစ်ဆေးရာကနေ တောင်သူ ဦးစံရွှေ သေဆုံးခဲ့ရတာပါ။

အဲဒီ တောင်သူ ၅ဦးထဲက တဦးက ငွေပေးလို့ လွတ်သွားခဲ့ပေမဲ့ ၃ဦးကိုတော့ တရားမဝင် အဖွဲ့တွေနဲ့ ဆက်သွယ်မှု စွဲချက်နဲ့ မွန်ပြည်နယ် တရားရုံးက ထောင်ဒဏ် ၃နှစ် ချမှတ် ခဲ့ပါတယ်။

တောင်သူတွေကတော့ သူတို့ဟာ ကောင်းရောင်း ကောင်းဝယ် လုပ်ကိုင် စားသောက် နေကြသူတွေ ဖြစ်ပြီး လက်နက်ကိုင် အဖွဲ့တွေနဲ့ ဆက်နွယ် ပတ်သက်ခြင်း မရှိဘူးလို့ ဆိုပါတယ်။

ဘီးလင်း တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်လို့ မွန်ပြည်နယ် တရားရုံးမှာ အယူခံ ဝင်ခဲ့ပေမဲ့လည်း ဖြစ်ရပ်မှန်ကို တင်ပြခွင့် မရခဲ့ဘူးလို့ သေဆုံးသူ ဦးစံရွှေ ရဲ့ မိသားစု ဆွေမျိုးတဦးက ဘီဘီစီကို ပြောပြပါတယ်။

အခုလို စစ်တပ်ရဲ့ လက်ချက်နဲ့ တောင်သူ ဦးစံရွှေ သေဆုံးခဲ့ရတာကိုရော၊ အပြစ်မဲ့ တောင်သူ ၃ဦး ထောင်ဒဏ် ကျခံနေရတာကိုပါ အမှုမှန် ပေါ်အောင် နေပြည်တော် တရားရုံးအထိ တိုင်ဖို့ စီစဉ်ထားတယ်လို့ သူက ပြောပါတယ်။

တောင်သူ လယ်သမားကြီးတွေရဲ့ လူ့အခွင့်အရေး ဆုံးရှုံးနေပုံတွေ၊ တပ်မတော်နဲ့ ပြည်သူ ကြား မကြည်ဖြူမှုတွေ တိုးပွား လာနေပုံတွေကို အများသိလာအောင် အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ နိုင်ငံတော် အကြီးအကဲတွေထံကိုရော၊ နိုင်ငံတကာ လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ကြီးနဲ့ နိုင်ငံ တကာ အလုပ်သမား အဖွဲ့ကြီးတို့လို နိုင်ငံတကာ အဖွဲ့ အစည်းတွေဆီ တိုင်ကြားနိုင်ဖို့ ကူညီ ဆောင်ရွက်ပေးသွားမယ်လို့ လူ့အခွင့်အရေး လှုပ်ရှား ဆောင်ရွက်နေတဲ့ လမ်းပြကြယ် အဖွဲ့က ရှေ့နေကြီး ဦးအေးမြင့်က ဘီဘီစီကို ပြောပါတယ်။