ဒီကေဘီအေကို အပြင်းအထန် ထိုးစစ်ဆင်

ကရင်ပြည်နယ် မြဝတီမြို့တောင်ဖက် ဖလူးဒေသ အနီးမှာရှိတဲ့ ဒီကေဘီအေ ခွဲထွက် အဖွဲ့က ဗိုလ်မှူးစောဆန်းအောင်ရဲ့ တာ့ကိုကျိုးစခန်းကို နအဖစစ်တပ်တွေက ဒီနေ့ မနက်ကစပြီး အပြင်းအထန် စစ်ဆင် တိုက်ခိုက်နေပါတယ်။

Image caption ဒီနေ့တိုက်ပွဲမှာ နအဖရဲ့ပစ်ခတ်မှုဟာ အပြင်းထန်ဆုံး လို့ ပြောပါတယ်

တိုက်ပွဲမှာ နအဖတပ်တွေက အဝေးပစ် မော်တာတွေ ဖြစ်တဲ့ ၈၂-မမ မော်တာ၊ ၆၀-မမ မော်တာ စတဲ့လက်နက်ကြီးတွေကို အလျှံအပယ် သုံးပြီး တိုက်ခိုက်တာကြောင့်၊ ပြီးခဲ့တဲ့ ၂ လ အတွင်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲ တွေထက် အဆ မတန် ပြင်းထန်ပါတယ်။

တိုက်ပွဲမှာ နအဖအစိုးရရဲ့ အမြှောက်တပ်ရင်း တရင်းနဲ့ တခြားတိုက်ခိုက်ရေးတပ်တွေ အပါ အဝင် တပ်ရင်း ၅ ရင်းထက် မနည်း ပါဝင်တယ် လို့ ထိုင်းနယ်စပ် လုံခြုံရေး တာဝန်ရှိသူတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်နေတဲ့ တာ့ကိုကျိုးစခန်းက ဗိုလ်မှူးစောဆန်းအောင် ကိုယ်တိုင်ကလည်း ဒီနေ့ တိုက်ပွဲမှာ နအဖရဲ့ပစ်ခတ်မှုဟာ အပြင်းထန်ဆုံးလို့ သတ်မှတ်လို့ရကြောင်း ပြောပါတယ်။

သူတို့ဖက်က ထောင်ထားတဲ့ မိုင်းကွင်းထဲမှာလည်း ပေါက်ကွဲသံ ၇ လုံး ၈ လုံးလောက် ရှိခဲ့ပြီ ဖြစ်ကြောင်း ဗိုလ်မှူးစောဆန်းအောင်က ပြောပါတယ်။

နအဖစစ်သား ၈ ယောက်ထက်မနည်း ဒါဏ်ရာရသွားပြီး၊ သူတို့ဖက်ကတော့ ထိခိုက်မှု မရှိဘူးလို့ ဒီကေဘီအေဖက်က ပြောပါတယ်။

ညနေပိုင်း ဖြစ်တဲ့တိုက်ပွဲမှာ ၈၂-မမ မော်တာကျည်နဲ့ ၆၀-မမ မော်တာကျည် ၁၀ လုံးထက် မနည်း၊ ထိုင်းဖက် ကော်မနောင် ပြောင်းခင်းတွေထဲကို ကျရောက်ပေါက်ပွဲခဲ့ပေမယ့် တဦး တယောက်မှ ထိခိုက်ဒဏ်ရာရတော့မရှိဘူးလို့ ထိုင်းနယ်စပ် လုံခြုံရေး တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီတာ့ကိုကျိုးစခန်းတာဝန်ခံ ဒီကေဘီအေဗိုလ်မှူးစောဆန်းအောင်ဟာ ပြောက်ကျားစစ် ကစားရာမှာ ကျွမ်းကျင်ထက်မြက်သူလို့နာမည်ကြီးသူဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ပိုင်းက တိုက်ပွဲမှာ သူကိုယ်တိုင်လည်း လက်နက်ကြီးစထိမှန်ပြီး ဒဏ်ရာရခဲ့ပါသေးတယ်။

နအဖရဲ့ အမြောက်တပ်၊ စစ်ဆင်ရေးတပ်တွေနဲ့ အင်အားသုံးပြီး တိုက်ခိုက်တာကို ဗိုလ်မှူးစောဆန်းအောင်နဲ့ သူ့တပ်ဖွဲ့တွေက ပြောက်ကျားနည်းနဲ့ တောင့်ခံနိုင်မယ်ဆိုရင် နယ်စပ်စစ်ရေးမှာ မှတ်တမ်းတင်စရာတခု ဖြစ်သွားနိုင်တယ်လို့ နယ်စပ်တိုက်ပွဲတွေကို စောင့်ကြည့်သူလေ့လာသူတွေကပြောပါတယ်။