နအဖမြေယာကန်ထရိုက်စနစ် ဥပဒေနဲ့ မညီ

မြန်မာနိုင်ငံမှာ စစ်အစိုးရက ချမှတ် ကြေညာထားတဲ့ မြေယာ ကန်ထရိုက်စနစ်ဟာ တည်ဆဲ ဥပဒေတွေကို ပြောင်ချိုးဖေါက်နေတာဖြစ်တယ်လို့ ထိုင်းနိုင်ငံ အခြေစိုက် မြန်မာနိုင်ငံ ရှေ့နေများကောင်စီက ပြောပါတယ်။

အခုလောလောဆယ် ဒေသအသီသီးမှာ ပုဂ္ဂလိက ကုမ္ပဏီတွေက လယ်သမားတွေရဲ့ လယ်ယာမြေကို သိမ်းယူနေမှုတွေဟာ ဥပဒေ လုပ်ထုံး လုပ်နည်းတွေနဲ့ မကိုက်ညီဘူးလို့ ဆိုပါတယ်။

လယ်ယာမြေ သိမ်းယူနေတာတွေဟာ ၁၉၆၃ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်သည့် ဥပဒေ၊ ၁၉၆၅ ခု သီးစားချထားရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေတို့ကို ချိုးဖေါက်တာဖြစ်တယ်လို့ ပြောပါတယ်။

ဒီလို လယ်ယာမြေ သိမ်းယူနေတာနဲ့ပတ်သက်လို့ လယ်သမားတွေအနေနဲ့ ဥပဒေကြောင်းအရ တောင်းဆိုခွင့် တိုင်တန်းခွင့်ရှိသလို တရားစွဲနိုင်တယ်၊ ILO နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ်ကို တိုင်တန်းနိုင်တယ်လို့ ဆိုပါတယ်။

ILO ကိုတိုင်တန်းလို့ သိမ်းယူတဲ့ လယ်ယာမြေ တွေ ပြန်ပေးခဲ့တာတွေ ရှိတယ်လို့ မြန်မာနိုင်ငံ ရှေ့နေများကောင်စီက ပြောပါတယ်။

မြန်မာနိုင်ငံမှာ လယ်ယာမြေဆိုင်ရာ အခွင့်အရေးအားလုံးကို လယ်သမားတွေ အပြည့်အဝ ခံစားရရှိနိုင်အောင် ဆောင်ရွက်သင့်တယ်လို့ ပြောပါတယ်။