အာဏာရှင်ကို တော်လှန်ဖို့ အစပျိုး

ထောင်ကျမှာစိုးရိမ်လို့ စစ်တပ်ထဲ ဝင်ကောင်းဝင်ပေမယ့် ပြည်သူထဲက လူငယ်တွေနဲ့ ပေါင်းပြီးလုပ်ချင်တဲ့သူတွေ စုစည်းလို့ အင်အားစုတခု ဖြစ်သွားခဲ့ရင် လူငယ်တွေ အနစ်နာခံလိုက်တဲ့အခါ တချိန်ချိန်မှာ အာဏာရှင်စနစ် တော်လှန်ရေး ဖြစ်သွားနိုင် တယ်လို့ ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်က ဘီဘီစီကို ပြောပါတယ်။

Image caption စိတ်ဓာတ်စစ်ဆင်ရေး တော်တယ်လို့ နာမည်ကြီးတဲ့ ဗိုလ်ချုပ်မှူးကြီး

ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး ထွက်လာတဲ့ သတင်း တွေမှာ မြန်မာနိုင်ငံမှာ အမျိုးသားဆိုရင် အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အထိ၊ အမျိုးသမီး ဆိုရင် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အထိ စစ်မှု ထမ်းရမယ်လို့ ပါရှိပြီး၊ အဲဒီလို ထမ်းဆောင်ဖို့ ပျက်ကွက်ရင် ထောင်ဒဏ် ၅ နှစ် ချမှတ်ခံရမယ် လို့ ဆိုပါတယ်။

အခုလို ထွက်လာတဲ့ သတင်းတွေဟာ တရားဝင် အစိုးရ မီဒီယာတွေကနေ ထုတ်ပြန် ကြေညာတာ မျိုးတော့ မဟုတ်ပါဘူး။

တကယ်တော့ ပြည်ပရန် ဖြစ်နိုင်တဲ့ အိမ်နီးနားချင်း နိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကို မြန်မာက ယှဉ်ပြိုင် ရင်ဆိုင် တိုက်ခိုက်လည်း ဘယ်လိုမှ နိုင်စရာ မရှိလို့ ဒီလို စစ်မှုထမ်းခိုင်းဖို့ မလိုပါဘူးလို့ ဦးအောင်လင်းထွဋ်က သုံးသပ်ပါတယ်။

အခုလို လွှတ်တော် မကျင်းပခင် ရက်ပိုင်းမှာ ဒီလိုသတင်းတွေ ထုတ်လာတာဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ စိတ်ဓာတ် စစ်ဆင်ရေး စမ်းသပ်ချက်တခုသာ ဖြစ်ပြီး ရည်ရွယ်ချက် ရှိရှိ လုပ်တာ ဖြစ်နိုင်တယ်၊ သွေးရိုးသားရိုးတော့ ဟုတ်ပုံမရဘူးလို့ သူက ဆိုပါတယ်။

ဒါပေမဲ့ စစ်မှုထမ်းခိုင်းတာနဲ့ ပတ်သက်ပြီး ကောင်းတဲ့အချက်ကတော့ စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်တစု လုပ်ထားတဲ့ ပြည်သူနဲ့ တပ်မတော် ကွဲနေတဲ့ ကိစ္စကနေ တပ်နဲ့ပြည်သူ ရင်းနှီးသွားနိုင်တယ်လို့ ဦးအောင်လင်းထွဋ်က သုံးသပ်ပါတယ်။