တိုင်းရင်းသားကို ဒုသမ္မတ ခန့်ဖို့ အဆိုပြု

burmese parliament
Image caption လွှတ်တော်ခေါ်ဖို့ သီတင်း နှစ်ပတ်ကျော်ပဲ လို

တိုင်းရင်းသား ကိုယ်စားလှယ် တဦးကို ဒုတိယ သမ္မတ အဖြစ် ရွေးချယ် တင်မြှောက်ဖို့ မကြာခင် ကျင်းပမဲ့ လွှတ်တော် မှာ အဆိုပြုမယ်လို့ တိုင်းရင်းသား ပါတီ ၅ဖွဲ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

လွှတ်တော်ကျင်းပဖို့ သီတင်း နှစ်ပတ် ကျော်လောက်ပဲ လိုတော့တဲ့ အချိန်မှာ ချင်း အမျိုးသား ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီနဲ့ ဖလုံ- စဝေါ် ပါတီ စတဲ့ ညီနောင် တိုင်းရင်းသား ပါတီများလို့ အမည်ပေးထားတဲ့ အဖွဲ့က ဒီကနေ့ စနေနေ့မှာ တွေ့ဆုံ ဆွေးနွေးပြီး အခုလို ကြေညာချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

စီးပွားရေး ပိတ်ဆို့ ခံရမှု ကိစ္စ၊ တိုင်းရင်းသား ကိုယ်စားလှယ်တဦးကို ဒုတိယ သမ္မတ အဖြစ် အမျိုးသားလွှတ်တော်က ရွေးချယ် ခန့်အပ်ပေးရေးကိစ္စ၊ တိုင်းရင်းသား ကိုယ်စားလှယ် တဦးဦးကို အမျိုးသား ( ဒါမှမဟုတ် ) ပြည်သူ့ လွှတ်တော်မှာ ဥက္ကဌ ( ဒါမှမဟုတ် ) ဒု ဥက္ကဌ အဖြစ် ရွေးချယ် ခန့်အပ်ပေးရေး ကိစ္စ၊ သက်ဆိုင်ရာ ပြည်နယ် ဝန်ကြီး ဌာနတွေမှာ အနိုင်ရပါတီတွေက တိုင်းရင်းသား ကိုယ်စားလှယ်တွေကို နေရာပေး ခန့်ထားရေးနဲ့ နောင်တက်လာမဲ့ အစိုးရအနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ အပါအဝင် အထိန်းသိမ်း ခံထားရသူတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရေး စတဲ့ အချက် ၅ချက်ကို လွှတ်တော်မှာ တင်ပြ တောင်းဆိုမယ်လို့ ချင်းအမျိုးသား ပါတီ ဥက္ကဌ ဦးဇိုဇမ်း က ဘီဘီစီကို ပြောပါတယ်။

သမ္မတနေရာ ရွေးချယ် တင်မြှောက်ရေးနဲ့ ပတ်သက်လို့ ဘာမှ ပြောစရာ မရှိကြောင်း၊ ဒါပေမဲ့ ဒုတိယ သမ္မတ တနေရာကိုတော့ တိုင်းရင်းသား ကိုယ်စားလှယ် တဦးဦးကို ခန့်သင့်တယ်လို့ ယူဆကြောင်း ဦးဇိုဇမ်းက ပြောပါတယ်။

ပြည်ထောင်စု ဆိုတာ တိုင်းရင်းသား လူမျိုးပေါင်းစုံနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပြီး လွှတ်တော်ထဲမှာ ရှိတဲ့ တိုင်းရင်းသား မဟုတ်သူ ကိုယ်စားလှယ်တွေကပါ သဘောထား ကြီးကြောင်း ပြမယ်၊ တိုင်းရင်းသားတွေကို နားလည်ပေးမယ် ဆိုရင် တိုင်းရင်းသား ကိုယ်စားလှယ် တဦးကို ဒုတိယ သမ္မတ ခန့်ရေး ကိစ္စ မဖြစ်လာနိုင်စရာ မရှိဘူးလို့ ချင်းအမျိုးသား ပါတီ ဥက္ကဌ ဦးဇိုဇမ်းက ပြောပါတယ်။