မြန်မာကို ပိတ်ဆို့ထားမှု ရုပ်သိမ်းရေး အာဆီယံတောင်းဆို

မြန်မာနိုင်ငံပေါ် ချမှတ်ထားတဲ့ နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုတွေကို ပြန်ရုပ်သိမ်း ပေးဖို့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့၊ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက အမေရိကန်နဲ့ ဥရောပနိုင်ငံတွေကို တောင်းဆိုလိုက်ပါတယ်။

Image caption အမျိုးသား ရင်ကြားစေ့ရေးအတွက် စစ်အစိုးရကို ဆက်လက် ဖိအားပေးသွားမယ်

စစ်အစိုးရက နှစ် ၂၀ ကျော်အတွင်း မြန်မာနိုင်ငံ မှာ ပထမဦးဆုံးရွေးကောက်ပွဲ လုပ်ပေးပြီး၊ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးခဲ့ပြီး နောက်မှာ အခုလို အာဆီယံက တောင်းဆို လိုက်တာဖြစ်ပါတယ်။

ပိတ်ဆို့အရေးယူမှုတွေ လုပ်ထားတဲ့ နိုင်ငံတွေ အနေနဲ့ မြန်မာနိုင်ငံမှာ အခုအချိန်အထိ ဖြစ်ပေါ် လာခဲ့တဲ့ တိုးတက်မှု အခြေအနေတွေကို အသိ အမှတ်ပြုသင့်ကြောင်း အာဆီယံ ဥက္ကဌ ဖြစ်သူ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂဝါက ပြောပါတယ်။

စစ်အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးတာဟာ ဒီမိုကရေစီ ဖေါ်ဆောင်ရေး အတွက် ကြီးမားတဲ့ တိုးတက်မှုတခု ဖြစ်တယ်လို့ သူကဆိုပါတယ်။

နောက်ပြီး မြန်မာ့နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်ပါဝင်လာပြီး၊ အမျိုးသား ရင်ကြား စေ့ရေး ဖြစ်လာစေဖို့ စစ်အစိုးရကို အာဆီယံအဖွဲ့အနေနဲ့ ဆက်လက် ဖိအားပေးသွားမှာ ဖြစ်တယ်လို့လည်း မစ္စတာ နာတာလီဂဝါက ပြောပါတယ်။

အင်ဒိုနီရှားနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို တက်ရောက်လာတဲ့ ဝန်ကြီးများနဲ့ သီခြားတွေ့ဆုံပွဲမှာ မစ္စတာ နာတာလီဂဝါက ပြောကြား သွားခဲ့တာ ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်ရေးချိုးဖေါက်မှုတွေနဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းတွေမှာ တိုးတက်မှုမရှိဘဲ နှေးကွေးနေတာကြောင့် အမေရိကန်နဲ့ တခြား အနောက် နိုင်ငံတွေက မြန်မာစစ်အစိုးရအပေါ် နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ ပိတ်ဆို့အရေးယူ မှုတွေ လုပ်ထားတာဖြစ်ပါတယ်။

အာဆီယံကတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ပိတ်ဆို့မှုအစား အပြုသဘောဆက်ဆံရေးမူကို ချမှတ် ကျင့်သုံးနေတာဖြစ်ပါတယ်။