ပိတ်ဆို့မှုရုပ်သိမ်းဖို့ အာဆီယံပြောတာကို NLD ဘက်က တုန့်ပြန်

Win Tin
Image caption ဟံသာဝတီ ဦးဝင်းတင်

နိုင်ငံတချို့ကနေ မြန်မာနိုင်ငံအပေါ် ဒဏ်ခတ် ပိတ်ဆို့အရေးယူထားတာ တွေကို ပြန်လည်ရုပ်သိမ်းပေးဖို့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေက တောင်းဆို လိုက်တဲ့အပေါ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD က တုန့်ပြန် ပြောကြားလိုက် ပါတယ်။

အာဆီယံအနေနဲ့ ပိတ်ဆို့အရေးယူမှုကို ရုပ်သိမ်းပေးဖို့ ချက်ချင်း တောင်းဆိုမယ့်အစား အာဆီယံခေါင်းဆောင်တွေအနေနဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့်ရေးအခြေတွေ တိုးတက်အောင် မြန်မာစစ်အစိုးရကို တိုက်တွန်းသင့်တယ်လို့ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဝင်တစ်ဦးဖြစ်တဲ့ ဦးဝင်းတင်က ဘီဘီစီကို ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံ လန်ဘောက်မြို့မှာ သုံးရက်ကြာ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးအပြီး ဒီနေ့မှာ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတွေကို ရုပ်သိမ်းပေးဖို့ အာဆီယံဝန်ကြီးတွေက တောင်းဆိုခဲ့ပါတယ်။

မြန်မာအစိုးရနဲ့ နိုင်ငံရေးအဖွဲ့တစ်ချို့ကတော့ ပိတ်ဆို့အရေးယူမှု ရုပ်သိမ်းရေးမှာ NLD မှာ အရေးကြီးတဲ့ အခန်းကဏ္ဍ ရှိတယ်လို့ ယူဆထားကြပါတယ်။

NLD ဘက်ကလည်း အခြေအနေတွေ မတိုးတက်သေးခင်မှာ စစ်အစိုးရခေါင်းဆောင်တွေ နဲ့ သူတို့ရဲ့ လက်ဝေခံတွေကို ပစ်မှတ်ထားပြီး လုပ်တဲ့ Targeted Sanction ပိတ်ဆို့မှုမျိုးကို ထောက်ခံတယ်၊ ဒါပေမယ့်လည်း တခြားကုန်သွယ်ရေးလို့ ပိတ်ဆို့မှုတွေက လူထုကို ဘယ်လို ထိခိုက်မှု ရှိမရှိဆိုတာကိုတော့ သုံးသပ်နေတယ်လို့ ဦးဝင်းတင်က ပြောပါတယ်။

အာဆီယံအလှည့်ကျဥက္ကဌ အင်ဒိုနီးရှားက နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့် ရပုဂ္ဂိုလ် မိုက်ကယ် တယ်နီကလည်း မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးခဲ့တာနဲ့ ရွေးကောက်ပွဲ ကျင်းပခဲ့တဲ့ အရေးကြီးတဲ့ ဖြစ်ရပ်နှစ်ခု ရှိခဲ့တယ်လို့ ဘီဘီစီကို ပြောပါတယ်။

''ဒီကနေတဆင့် မြန်မာနိုင်ငံရဲ့ အမျိုးသားရင်ကြားစေ့ရေးနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေ လုပ်သွားဖို့ လိုတယ်၊ ဒါတွေအပေါ် အခြေခံပြီး မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ထားတဲ့ နိုင်ငံတချို့အနေနဲ့ ဒီအရေးယူမှုတွေကို ပြန်သုံးသပ်သင့်တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးတွေက ရှုမြင်ကြတယ်'' လို့ မစ္စတာ တယ်နီက ပြောပါတယ်။

ပိတ်ဆို့အရေးယူမှုတွေဟာ မြန်မာပြည်ရဲ့စီးပွားရေးဖွံ့ဖြိုးမှုကို နှောင့်နှေးစေပြီး မြန်မာပြည် သူတွေအတွက် ဆိုးကျိုးကိုသာ ဖြစ်စေတယ်လို့ သူက ပြောပါတယ်။