အကျဉ်းသား ပေါ်တာကိစ္စ ILO စိစစ်နေ

ILO
Image caption မြန်မာနိုင်ငံမှာ အဓမ္မ ခိုင်းစေမှုတွေ ဆက်ရှိနေဆဲပဲလို့ ILO ပြော

မြန်မာနိုင်ငံမှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ကျခံနေရတဲ့ အကျဉ်းသားတွေကို ရှေ့တန်း စစ်မျက်နှာမှာ ပေါ်တာ အဖြစ် စစ်တပ်က အသုံးပြုနေတယ် ဆိုတဲ့ ကိစ္စတွေနဲ့ ပတ်သက် လို့ ILO နိုင်ငံတကာ အလုပ် သမား အဖွဲ့ချုပ်အနေနဲ့ စိစစ်ပြီး အစိုးရနဲ့ ညှိနှိုင်း ဆောင်ရွက်သွားမယ်လို့ ရန်ကုန်မြို့ ILO ရုံးက ဆက်သွယ်ရေး အရာရှိ Steve Marshall က ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ထိုင်း မြန်မာ နယ်စပ်မှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေမှာ မြန်မာ စစ်တပ်က အကျဉ်းသားတွေကို ပေါ်တာအဖြစ် အသုံးပြုခဲ့တဲ့ အကြောင်း ပေါ်တာ အဆွဲခံခဲ့ရသူတဦးကိုယ်တိုင်က ဘီဘီစီကို ပြောပြခဲ့ပါတယ်။

ILO အရာရှိ Steve Marshall က ထိုင်းမြန်မာ နယ်စပ်က အကျဉ်းသား ပေါ်တာ ကိစ္စအကြောင်း သူ့အနေနဲ့ အတိအကျ မှတ်ချက်ချ မပြောနိုင်ပေမဲ့ မြန်မာနိုင်ငံတွင်းမှာ အကျဉ်းသား ပေါ်တာတွေ ရှိနေတယ် ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့ အသေအချာ စိစစ်ပြီး မြန်မာ အစိုးရနဲ့ ညှိနှိုင်း ဆောင်ရွက်သွားဖို့ ရှိတယ်လို့ ဘီဘီစီကို ပြောပါတယ်။

အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ကျခံနေရတဲ့ အကျဉ်းသားတွေနဲ့ ပတ်သက်လို့ နိုင်ငံတိုင်းမှာ ကိုယ်ပိုင် စည်းမျဉ်း စည်းကမ်းတွေ ရှိနေပေမဲ့ နိုင်ငံတကာက သတ်မှတ် ပြဌာန်းထားတဲ့ အခြေခံ စည်းမျဉ်းတွေကိုတော့ ချိုးဖေါက်လို့ မရကြောင်း၊ အဲဒါတွေကတော့ အကျဉ်းသား တွေကို သုံးပြီး အကျိုးစီးပွား ရှာတာမျိုး၊ အကျဉ်းသားတွေကို အသက် အန္တရာယ် ရှိတဲ့ နေရာတွေမှာ အသုံးပြုတာမျိုးတွေ ဖြစ်ကြောင်း မစ္စတာ Marshall က ပြောပါတယ်။

ILO အနေနဲ့ အဓမ္မ အလုပ်စေခိုင်းမှုတွေနဲ့ပတ်သက်လို့ ကန့်ကွက် တိုင်ကြားလာတာတွေကို လက်ခံကြားနာပြီး ခိုင်လုံတယ် မခိုင်လုံဘူး ဆိုတာကို စိစစ်ဖို့ ဖြစ်ကြောင်း၊ ဟုတ်နေပြီ ဆိုရင် အစိုးရကို တင်ပြပြီး ညှိနှိုင်း ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောပါတယ်။

မြန်မာနိုင်ငံတွင်းမှာ အဓမ္မ ခိုင်းစေမှုတွေက ခုချိန်ထိ ပုံစံ အမျိုးမျိုးနဲ့ ဆက်ဖြစ်နေဆဲပဲ လို့လည်း သူက ပြောပါတယ်။

ဒါပေမဲ့ မကြာသေးခင်ကစလို့ အဓမ္မ ခိုင်းစေမှုနဲ့ ပတ်သက်လို့ မြန်မာ အစိုးရရဲ့ မူဝါဒ တိုးတက် ပြောင်းလဲလာတာ တွေ့ရကြောင်းနဲ့ ILO အနေနဲ့ ကန့်ကွက် တိုင်ကြားလာမှုတွေကို လက်ခံ စစ်ဆေးပြီး အဓမ္မ ခိုင်းစေမှု လုံးဝ ပပျောက်သွားတဲ့ အထိ အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက် ညှိနှိုင်း ဖြေရှင်းသွားမယ် ဖြစ်ကြောင်း ILO ဆက်သွယ်ရေး အရာရှိ Steve Marsall က ဘီဘီစီကို ပြောပါတယ်။