နယ်စပ်ဒေသတွေမှာ တိုက်ပွဲတွေ ဆက်ဖြစ်

ဓာတ်ပုံ မူပိုင် bbc burmese
Image caption နအဖကို ပြန်တိုက်နိုင်အောင် သင့်တော်တဲ့ နေရာ ယူလိုက်တာလို့ ဒီကေဘီကေပြော

ကရင်ပြည်နယ် မြ၀တီမြို့တောင်ဖက် မိုင် ၂၀ လောက်အကွာက ဒီကေဘီအေရဲ့ အရေးကြီး စခန်းတခုဖြစ်တဲ့ ဘောဘော ကျိုးစခန်းကို ဒီနေ့မနက်မှာ နအဖတပ် တွေက လက်နက်ကြီးတွေနဲ့ အပြင်းအထန် ပစ်ခတ်ပြီး သိမ်းယူ လိုက်ပါတယ်။

နအဖတပ်တွေက အခုလ ၈ ရက်နေ့ကတည်းက အဲဒီစခန်းကို စတိုက်နေတာဖြစ်ပြီး ၁၉ ရက် မြောက်တဲ့ ဒီနေ့မနက်မှာ သိမ်းလိုက်နိုင်တာ ဖြစ်ပါတယ်။

အဲဒီစခန်းနေရာဟာ မဲဆောက်မြို့မြောက်ဖက်၊ ကီလိုမီတာ ၃၀ ကျော်လောက်မှာရှိတဲ့ ဖုတ်ဖရ မြို့နယ်၊ ချောင်းခက်ရွာရဲ့တဖက်ခြမ်းမှာ တည်ရှိပါတယ်။

အခုလို ဘောဘောကျိုးစခန်းကနေ ဆုတ်သွားရတာနဲ့ ပတ်သက်ပြီးတော့ ဒီကေဘီအေ ရှေ့တန်း တပ်မှူးတယောက်ဖြစ်တဲ့၊ ဗိုလ်မှူးစောဆန်းအောင်က စစ်ရေးအရ နအဖကို ပိုင်ပိုင်နိုင်နိုင် တိုက်ခိုက်နိုင်အောင် သင့်တော်တဲ့နေရာမှာ နေရာလိုက်ယူလိုက်တာသာ ဖြစ်တယ်လို့ ပြောပါတယ်။

နအဖတပ်တွေဟာ ဘောဘောကျိုးစခန်းတောင်ထိပ်ကို တက်သိမ်းလိုက်ပြီးနောက်၊ တောင်ပေါ်ကနေ ဒီကေဘီအေတွေ ဆုတ်ခွာသွားတယ်လို့ ယူဆတဲ့ နေရာတွေကို ၁၂၀ မမ အဝေးပစ် မော်တာကြီးတွေနဲ့ တနေကုန် လိုက်ပစ်နေသေးတယ်လို့ ဗိုလ်မှူးစောဆန်းအောင် က ပြောပါတယ်။

နအဖရဲ့ ဆက်သွယ်ရေးစက်နဲ့ သတင်းပို့တာတွေကို ကြားဖြတ်ဖမ်းပြီး မှတ်ထားချက်တွေအရ နအဖဘက်က ၁ ပတ်အတွင်း ၁၁၁ ဦးသေပြီး၊ ၁၆၃ ဦး ဒဏ်ရရတယ်လို့ သူကပြောပါတယ်။ ဒီကေဘီအေဘက်ကတော့ တယောက်ဒါဏ်ရာရတယ်လို့ ဆိုပါတယ်။

ဒါပေမယ်လို့ အခုလို သေဆုံး၊ ဒါဏ်ရာရတဲ့စာရင်း အတိအကျကို သီးခြားအတည်ပြုနိုင်ခြင်း တော့ မရှိသေးပါဘူး။

ဘုရားသုံးဆူဒေသက ကေအန်ယူနဲ့တိုက်ပွဲ

ဓာတ်ပုံ မူပိုင် bbc burmese
Image caption ချောင်းဆုံကျေးရွာနားမှာ တိုက်ပွဲ ဖြစ်ပွားခဲ့ တာပါ

ကေအန်ယူပိတ်ထားတဲ့ ဘရားဆုံးဆူနဲ့ သံဖြူ ဇရပ်ကားလမ်းကို လမ်းဖွင့်ဖို့ ကြိုးစားနေတဲ့ နအဖတပ်နဲ့ ကေအန်ယူအကြား ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူ မြို့နယ် ခွဲက ချောင်းဆုံကျေးရွာနားမှာ ယနေ့မနက် ၈ နာရီ ကနေ နေ့လည် ၁၂ နာရီအထိ ကြိုကြား ကြိုကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

ဒီတိုက်ပွဲဟာ ကေအန်ယူတပ်ရင်း ၁၆ နဲ့ ဒီကေဘီအေ ၉၀၆ တပ်ရင်းတွေ ပူးပေါင်းထား တဲ့ တပ်ဖွဲ့က နအဖရဲ့ ခမရ ၄၀၂ စစ်ကြောင်း ၁ ကို ဝင်တိုက်တဲ့ပွဲဖြစ်ပါတယ်။ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး အထိအခိုက် ရှိမရှိကိုတော့ မသိရသေးပါဘူး။

နအဖတပ်တွေဟာ အနန်းကွင်းစစ်ဗျူဟာကနေ ဘုရားသုံးဆူကို တင်လာမယ့် ရိက္ခာ ယာဉ်တန်း အတွက် လုံခြုံရေး ယူထားကြတာဖြစ်ပါတယ်။ ကေအန်ယူနဲ့ ဒီကေဘီအေ ပူးပေါင်းတပ်တွေကတော့ အဲဒီရိက္ခာ ယာဉ်တန်းကို တိုက်ခိုက်ဖို့ လှုပ်ရှားနေတဲ့ အဖွဲ့တွေ ဖြစ်ကြပါတယ်။

ရိက္ခာတင်ဖို့အတွက်ဆိုပြီး နအဖတပ်တွေဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကမှ ဘုရားသုံးဆူမြို့မှာ ကားတွေကို ချောဆွဲခဲ့တာ ဖြစ်ပါတယ်။

ကားပိုင်ရှင်တွေဟာ အခုလိုတိုက်ပွဲဖြစ်လာမှာကို စိုးရိမ်တဲ့အတွက် ထွက်ပြေးကြရာ နအဖ ဟာ လိုအပ်တဲ့ ကားအရေအတွက် မရလိုက်ဘူးလို့လည်း သိရပါတယ်။