လွှတ်တော်အစည်းအဝေးတွေမှာ ဥက္ကဌတွေရွေး

Burma Parliament ဓာတ်ပုံ မူပိုင် afp
Image caption ရုပ်မြင်သံကြားကနေ ကူးယူထားတဲ့ လွှတ်တော်အစည်အဝေးပုံ

မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် ကျင်းပတဲ့ လွှတ်တော် အစည်းအဝေးတွေကို နေပြည်တော် အပါအဝင် ပြည်နယ်နဲ့ တိုင်း ဒေသကြီး လွှတ်တော်တွေမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။

နေပြည်တော်မှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေး သုံးရပ်စလုံးကို ကျင်းပခဲ့ရာမှာ လွတ်တော်ကိုယ်စားလှယ် အားလုံး ၁၀၀ ရာခိုင်နှုန်း တက်ရောက်ခဲ့ကြပါတယ်။

အရေတွက်အားဖြင့်ဆိုရင်တော့ အရပ်သားရော စစ်သားပါ လွှတ်တော် နှစ်ရပ်ပေါင်းရင် ၆၅၉ ဦး တက်ကြပါတယ်။

ဒီလွှတ်တော်အားလုံးမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကသာ အဓိကလွှမ်းမိုးထားပြီး လွှတ်တော်ဥက္ကဌနဲ့ ဒုတိယ ဥက္ကဌ ဖြစ်လာကြသူ အားလုံးဟာလဲ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကချည်းပဲ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးရွှေမန်းက အမျိုးသားလွှတ်တော် ဥက္ကဌ

ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းက ပြည်သူ့လွှတ်တော်ဥက္ကဌ၊ ယဉ်ကျေးမှုဝန်ကြီး ဦးခင်အောင်မြင့်က အမျိုးသားလွှတ်တော် ဥက္ကဌ အဖြစ် အရွေးခံရပြီး ဒုဥက္ကဌတွေအဖြစ် ပြည်သူ့လွှတ်တော်မှာ ဦးနန္ဒကျော်စွာနဲ့ အမျိုးသားလွှတ်တော်မှာ ဦးမြငြိမ်းတို့ အရွေးခံရပါတယ်။

ဒီလိုရွေးချယ်မှုမှာကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်တွေချည်းနေရာရတာကိုမပြောလိုပေမယ့် တိုင်းရင်းသားတဦးမှဒီနေရာတွေမှာ မပါတာကို စိတ်ပျက်မိကြောင်း တခြားပါတီတချို့က ပြောပါတယ်။

မနက်ဖြန် လွှတ်တော်အစည်းအဝေးမှာတော့ ဒုတိယသမ္မတတွေ ရွေးချယ်မယ်လို့ ခန့်မှန်းရပါတယ်။

ဒီကနေ့ကျင်းပခဲ့တဲ့လွှတ်တော်အစည်းအဝေးတွေမှာ စစ်ဗိုလ်တွေကလွဲပြီး ကျန်တဲ့ကိုယ်စားလှယ်တွေက ရိုးရာဝတ်စုံတွေကို ဝတ်ပြီး လွှတ်တော် တက်ခဲ့ကြပါတယ်။

ဒါပေမယ့် ဒီလွှတ်တော် ဖွင့်ပွဲအခမ်းအနားကို ပြည်တွင်းပြည်ပက သတင်းထောက်တွေ သတင်းယူခွင့်မရကြပါဘူး။ မီးခိုးရောင် ယူနီဖောင်းဝတ်ထားတဲ့ အစိုးရသတင်းမီဒီယာတွေသာ လွှတ်တော်တွင်း ဝင်ခွင့် ရခဲ့ပါတယ်။