ပြည်နယ်နဲ့ တိုင်း က လူငယ်တွေ ဒေါ်စုနဲ့ တွေ့

မြန်မာ နိုင်ငံ တိုင်းနဲ့ ပြည်နယ် အသီးသီးက အန်အယ်လ်ဒီ အဖွဲ့ဝင် မဟုတ်သူ လူငယ်တွေနဲ့ ဒေါ်အောင်ဆန်း စုကြည် အပါအဝင် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် တွေ ဗုဒ္ဓဟူးနေ့က အန်အယ်ဒီ ရုံးချုပ်မှာ တွေ့ဆုံ ဆွေးနွေး ခဲ့ကြပါတယ်။

ဓာတ်ပုံ မူပိုင် Reuters (audio)
Image caption အမှန်တရား အတွက် ရပ်တည်ဖို့ လူငယ် တွေကို ဒေါ်စု တိုက်တွန်း

မြန်မာ နိုင်ငံမှာ လူ့ အခွင့်အရေးနဲ့ ဒီမိုကရေစီ ရရှိနိုင်ရေး ကို အဓိက မဏ္ဍိုင် ထားပြီး လုပ်ဆောင်မယ့် လူငယ် ကွန်ယက်ကြီး ဖြစ်အောင် ဆောင်ရွက်မှာ ဖြစ်တယ်လို့ ဆွေးနွေးမှု ဖြစ်မြောက် ရေးမှာ အဓိက ပါဝင်ခဲ့သူ NLD လူငယ် တာဝန်ခံ ကိုမျိုးညွန့် က ဘီဘီစီကို ပြောပါတယ်။

လူငယ်တွေရဲ့ စုစည်းမှု ကွန်ယက် ကနေ ပေါက်ပွားလာတဲ့ လူငယ်ထုရဲ့ အားကို နိုင်ငံရေး၊ ဥပဒေ စိုးမိုးရေး၊ လူငယ် စာရိတ္တ မြှင့်တင်ရေး နဲ့ ပညာရေး စတဲ့ နယ်ပယ်တွေမှာ ဘယ်လို အသုံးချနိုင်မလဲ ဆိုတာ တွေ ဆွေးနွေးခဲ့ကြပြီး လူငယ်တွေ ဘက်က သိလိုတာ တွေကို တင်ပြ မေးမြန်း ခဲ့ကြရာမှာ သက်ဆိုင်ရာ နယ်ပယ်က အန်အယ်လ်ဒီ ဗဟို ကော်မီတီဝင် တွေက ပြန်လည် ရှင်းပြ ခဲ့ကြ တယ်လို့ အန်အယ်လ်ဒီက ပြောပါတယ်။

လူငယ်တွေက နိုင်ငံရေးကို စိတ်ဝင်စားပေမဲ့ ဖမ်းဆီးခံရမှာကို စိုးကြောက်ကြတဲ့ အတွက် ဘယ်လို နိုင်ငံရေးမှာ ပါဝင် လုပ်ဆောင်နိုင်မလဲ လို့ တင်ပြတာကိုတော့ ဒေါ်အောင်ဆန်းစုကြည်က အကြောက်တရားဆိုတာ စိတ်ကနေ ဖြစ်လာ တာ သာ ဖြစ်တယ်၊ အမှန်တရား အတွက်ဆိုရင် ကြောက်စိတ်တွေကို ဖယ်ရှားပြီး အမှန်တရား အတွက် ရပ်တည် ပေးဖို့ လိုတယ် ဆိုတာကို နိုင်ငံရေး ယုံကြည်ချက်ကြောင့် ထောင်တွေထဲမှာ ရောက်နေကြသူ နိုင်ငံရေး သမား တွေကို ဥပမာပေး ရှင်းပြခဲ့တယ်လို့ ကိုမျိုးညွန့် က ပြောပါတယ်။

လူငယ်တွေရဲ့ နိုင်ငံရေး နိုးကြားမှုနဲ့ သူတို့ တတ်နိုင်တဲ့ ဘက်က ပြည်သူ့ အကျိုးပြု လုပ်ငန်း တွေမှာ ပါဝင် ဆောင်ရွက် ပေးနေမှု အပေါ် ဒေါ်အောင်ဆန်း စုကြည်က အားရ ကျေနပ်မှု ရှိတယ် လို့လည်း သိရပါတယ်။

ဗုဒ္ဓဟူး နေ့က လာရောက် ဆွေးနွေး ကြတဲ့ လူငယ်တွေဟာ ရှမ်း၊ ကချင်၊ ကယား ပြည်နယ် တွေနဲ့ တနင်္သာရီတိုင်း တို့ အပါအဝင် ပြည်နယ် နဲ့ တိုင်း ၈ ခုက ဖြစ်ကြ ပါတယ်။

ဒေါ်အောင်ဆန်း စုကြည် ပြန်လွတ်လာပြီးတဲ့ နောက် လူငယ်ထုကို တွေ့ဆုံ ဆွေးနွေးတာဟာ ဒီတစ်ကြိမ်နဲ့ပါ ဆိုရင် သုံးကြိမ်မြောက်ပါ။ အင်္ဂါနေ့ ကတော့ ပြည်နယ် ငါးခုက လူငယ်တွေကို ဒေါ်အောင်ဆန်း စုကြည်တွေ့ဆုံခဲ့ပါတယ်။ ရန်ကုန်တိုင်းက လူငယ်တွေနဲ့တော့ ဒီဇင်ဘာ ၂၈ ရက်နေ့က ပထမဆုံး တွေ့ဆုံခဲ့ ပါတယ်။