ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရ သတင်းစာ ဝေဖန်ပြီ

ဓာတ်ပုံ မူပိုင် Reuters (audio)
Image caption ဒေါ်အောင်ဆန်းစုကြည် ကို စစ်အစိုးရ သတင်းစာ ဝေဖန်ပြီ

မြန်မာနိုင်ငံမှာ နိုဝင်ဘာလတုန်းက ရွေးကောက်ပွဲ အပြီး အိမ်အကျယ်ချုပ်က ပြန်လွှတ်ပေးခဲ့တဲ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရပိုင် သတင်းမီဒီယာ တွေက ပထမဆုံး အကြိမ် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

အနောက်နိုင်ငံတွေရဲ့ မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ အရေးယူမှုကို ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဆက်ပြီး ထောက်ခံနေရင် ၊ တိုင်းပြည်ရဲ့ ဒီမိုကရေစီ လမ်းကြောင်းကို ရှေးရှုနေမှုကို လျစ်လျူရှုထားရင် သူတို့အဆိုအရ ဝမ်းနည်းဖွယ် အဆုံးသတ်မှုနဲ့ ရင်ဆိုင်ရ လိမ့်မယ်လို့ အစိုးရ သတင်းစာမှာ ဆိုထားပါတယ်။

စီးပွားရေး ပိတ်ဆို့ အရေးယူမှုဟာ လူထုအပေါ် အကျိုး သက်ရောက်မှု မရှိဘဲ မြန်မာနိုင်ငံက အုပ်ချုပ်သူတွေကိုသာ အဓိက ထိခိုက်စေတယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကြေညာချက် ထုတ်ပြန်ခဲ့ ပြီးတဲ့နောက် အစိုးရ ဖက်က အခုလို ဝေဖန်ချက် ထွက်လာတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒုတိယ ပင်လုံ ညီလာခံ ကျင်းပဖို့ ကြိုးစားနေမှုကိုလည်း အောင်မြင်မည် မဟုတ်ဟု ဝေဖန် ရေးသားထားပါတယ်။