လယ်သမားတွေ လယ်လည်း သိမ်းခံရ၊ တရားလည်း စွဲခံရ

burmese farmers ဓာတ်ပုံ မူပိုင် no credit
Image caption လယ်သမားပိုင်မြေတွေ နေရာ အနှံ့အပြားမှာ အသိမ်း ခံနေရ

လယ်ဝေးမြို့နယ် ဒိုးနွယ်ရွာက လယ်မြေ အသိမ်းခံခဲ့ရသူ လယ်သမားတွေကို ပြန်ပေး တဲ့ မြေနေရာတွေဟာ နေလို့ မဖြစ်တဲ့ အတွက် ရွှေ့ပေးဖို့ ငြင်းဆန်ခဲ့သူ တောင်သူ ဦးကြီး ၁၄ ဦး ကို သက်ဆိုင်ရာက တနင်္လာ နေ့ က တရားစွဲဆိုလိုက်ပါတယ်။

နေပြည်တော် အမြန်လမ်းမကြီးဘေးမှာ ယာဉ်ရပ်နားစခန်း ဆောက်ဖို့ ဆိုပြီး လယ်ဝေး မြို့နယ် ဒိုးနွယ်ရွာက လယ်ဧက ၇၀ ကျော်ကို တဧက ၃သိန်းခွဲနှုန်းနဲ့ စျေးဖြတ်ပြီး မနှစ် နှစ်လည်က သိမ်းခဲ့ပါတယ်။

အဲဒီနောက် ရဲစခန်းတွေ စားသောက်ဆိုင်တွေ တိုးချဲ့ဖို့ဆိုပြီး ဒိုးနွယ်ရွာက တောင်သူ ၂၃ဦး ပိုင်တဲ့ နေအိမ်တွေကို မြေနေရာ အစားပေးပြီး ရွှေ့ခိုင်းခဲ့ရာမှာ သက်ဆိုင်ရာက အစား ပြန်ပေးတဲ့ မြေနေရာဟာ နေလို့ မဖြစ်တဲ့အတွက် တောင်သူ ၁၄ဦးက ရွှေ့မပေးပဲ နေခဲ့တာပါ။

အခု သတ်မှတ်ရက် ကျော်လာပြီ ဆိုပြီး အေအီး ဦးလွင်ဇော်က တရားလိုအဖြစ်နဲ့ သူတို့ကို အမြန်လမ်းမကြီး ဥပဒေ ၇( ခ )နဲ့ ဇဗ္ဗူသီရိမြို့နယ် တရားရုံးမှာ မနေ့က တရားစွဲဆိုလိုက် တာပါ။

အာမခံမယ့်သူ မပါလို့ ၁၇ ရက်နေ့မှာ အာမခံသူ ၂ယောက်ခေါ်ခဲ့ဖို့နဲ့ ပြစ်မှု ထင်ရှားရင် ပြစ်ဒဏ် ၃နှစ်စီ ကျနိုင်တယ်လို့ တရားသူကြီးက ပြောကြောင်းနဲ့ သူတို့ တောင်သူတွေအနေနဲ့ ဘယ်သူ့ကို တင်ပြပြီး ဘာလုပ်ရမှန်း မသိ ဖြစ်နေကြောင်း လယ်သိမ်းခံ တောင်သူ တဦးက ဘီဘီစီကို ပြောပြပါတယ်။

သက်ဆိုင်ရာက ရွှေ့ပြောင်း စားရိတ် ပေးတာ လုံလောက်ပေမယ့် အရင် ရွှေ့ပြောင်းခံရတဲ့ ရွာတွေလို သူတို့ကို နေပြည်တော်မြို့သစ်မှာ မချပဲ ဘယ်လိုမှ နေလို့ မဖြစ်တဲ့ နေရာကို အတင်းရွှေ့ခိုင်းတာကြောင့် ကျေနပ်တဲ့ နေရာ မရမချင်း မရွှေ့နိုင်ဘူးလို့လည်း အဲဒီ တောင်သူ က ပြောပါတယ်။

သူတို့အနေနဲ့ လယ်လုပ်စရာလည်း မရှိတော့တာကြောင့် လူနေဖို့ အတည်တကျ နေရာလေး တခု ရရင် သူတို့ ကျေကျေနပ်နပ်နဲ့ ရွှေ့ပြောင်းပေးမှာ ဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။