ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ အဆိုပြု

ပါလီမန်မှာ အမတ်များမဲပေးနေစဉ် ဓာတ်ပုံ မူပိုင် mrtv
Image caption ပါလီမန်မှာ အမတ်များမဲပေးနေစဉ်

နအဖကောင်စီဝင် ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌသစ်အဖြစ်ဒီကနေ့ လွှတ်တော် အစည်းဝေးမှာ အမည်စာရင်း တင်လိုက်ပါတယ်။

နအဖအစိုးရလက်ထဲကအာဏာလွှဲပြောင်းယူမယ့် ပြည်ထောင်စုအစိုးရ အဖွဲ့နဲ့ပြည်နယ်အစိုးရ အဖွဲ့ထိပ်တန်း ရာထူးတွေ ခန့်အပ်ပြီးတဲ့နောက်မှာ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးဟာ လွှတ်တော် မှာပထမဆုံး နှုတ်ထွက်လွှာ တင်ခဲ့သူဖြစ်တာကြောင့် သူအခုလိုနှုတ်ထွက်တာကိုအများက အံ့သြခဲ့ကြ ပါတယ်။ အခုသူ့ကို ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ခန့်တော့မယ်ဆိုတော့ ဒါဟာ အစီအစဉ်တကျနှုတ် ထွက်တာလို့ပြောသူက ပြောပြန်ပါတယ်။ ဒါဆိုရင်အခုခန့်အပ်လိုက်တဲ့ သမ္မတတို့၊ဝန်ကြီးတို့လိုရာထူး တာဝန်ယူကြမယ့်သူတွေ ကျတော့ လွှတ်တော်ထဲမှာ ဘာကြောင့် ဆက်ရှိနေကြတာလဲလို့မေးစရာဖြစ် လာပြန်ပါတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးခင်ရွှေကတော့ အခြေခံဥပဒေအရ သမ္မတ ဒုသမ္မတ အရွေးခံရသူတွေဟာ ပါတီကနှုတ်ထွက်ပြီးသားလို့ ယူဆရမယ်လို့ပါကြောင်း၊ အခု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌကတော့ပါတီ အရောင်အသွေး ကင်းဖို့လိုတဲ့အတွက် လွှတ်တော် အမတ်အဖြစ်ရော ပါတီကပါ နှုတ်ထွက်ပြီးမှ သမ္မတက ခန့်နိုင်ကြောင်းပြောပါတယ်။

သူ့ထက်နောက်ကျသူတွေတောင် ဝန်ကြီးအဆင့်တွေဖြစ်လို့ဦးတင်အေးဘက်က မကြေနပ်ဘူးဆိုတဲ့သတင်းတွေရော ဖြစ်နိုင်လားဆိုတဲ့အပေါ်မှာတော့ အခုရာထူးဟာ ဒုတိယသမ္မတ အဆင့်လောက်နဲ့ညီတယ်လို့ ဦးခင်ရွှေကပြောပါတယ်။

အခုလို ဦးတင်အေးအမတ်အဖြစ်ကနှုတ်ထွက်ပြီး ရွေးကောက်ပွဲကော်မရှင် ဥက္ကဌအဖြစ်တင်လိုက်တာဟာ ထိပ်တန်းခေါင်းဆောင်တွေကြားမှာ စံနစ်တကျ အာဏာခွဲဝေတာလို့ သတင်းထောက်အသိုင်းအဝိုင်းမှာ မြင်သူသိပ်မရှိဘူးလို့သိရပါတယ်။