သတင်းစာ ဆောင်းပါးကနေ ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်

NLD
Image caption NLDနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရ သတင်းစာကနေ တိုက်ခိုက်

မြန်မာနိုင်ငံမှာ စီးပွားရေး ပိတ်ဆို့ခံနေရမှုနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLDအပေါ် ဝေဖန် တိုက်ခိုက်တဲ့ ဆောင်းပါး တွေ အစိုးရ သတင်းစာတွေ ထဲမှာ ခုတလော ဆက်တိုက် ရေးသား ဖေါ်ပြလာနေရာမှာ ဒီကနေ့ စနေနေ့ထုတ် သတင်းစာပါ ဆောင်းပါးထဲမှာတော့ စီးပွားရေး ပိတ်ဆို့မှုတွေကြောင့် မြန်မာ နိုင်ငံဟာ တိုးတက်သင့်သလောက် မတိုးတက် ခဲ့ကြောင်းနဲ့ စီးပွားရေး ပိတ်ဆို့မှု ပြန်ရုတ်သိမ်းရေးကို ဆန့်ကျင်နေတဲ့ ဒေါ်အောင်ဆန်း စုကြည်နဲ့ NLD ပါတီအနေနဲ့ ဝန်ချ တောင်းပန်သင့်ကြောင်း ဖေါ်ပြထားပါတယ်။

ဒါပေမဲ့ NLD ဗဟို အလုပ်အမှုဆောင် ဦးနိုင်းနိုင်း ကတော့ ၁၉၉၈ခုနှစ် စစ်အစိုးရ အာဏာ လွှဲယူလိုက်ချိန်ကတည်းက မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုတွေ ရှိခဲ့တာ ဖြစ်ပြီး ဒီဒဏ်ခတ် ပိတ်ဆို့မှုတွေ ဖြစ်လာအောင် ဒေါ်အောင်ဆန်းစုကြည်က ဖန်တီးခဲ့တာ မဟုတ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တစုံတရာ ဝန်ချ တောင်းပန်ဖို့ မလိုဘူးလို့ ဘီဘီစီကို ပြောပါတယ်။

နိုင်ငံရေး၊ သံတမန်ရေး၊ စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှုတွေကြောင့် ဘေးထွက် ဆိုးကျိုး အနည်းအပါး ရှိနိုင်မှာ ဖြစ်ပေမဲ့ တိုင်းပြည်ကို မြန်မာ အစိုးရက ကောင်းစွာ အုပ်ချုပ်အောင်၊ စီးပွားရေး အကျိုးကို လူထု ခံစားနိုင်အောင်နဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ မရှိအောင် ရည်ရွယ်ပြီး သက်ဆိုင်ရာ ကမ္ဘာ့နိုင်ငံတွေက ဒဏ်ခတ် ပိတ်ဆို့မှုတွေ လုပ်ခဲ့တာကြောင့် ကောင်းတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တာလို့ NLD အနေနဲ့ လေ့လာ ကောက်ချက် ချခဲ့တာ လို့လည်း ပြောပါတယ်။

တခါ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး ရင့်ကျက်ပြီးသား နိုင်ငံကြီးတွေရဲ့ စံနှုန်း စံထားတွေ အရ ဒီကိစ္စတွေကို အကြောင်းပြပြီး ဒီမိုကရေစီရေး နုနယ်တဲ့ မြန်မာနိုင်ငံအပေါ် ဒဏ်ခတ် ပိတ်ဆို့မှုတွေ လုပ်တာဟာ မသင့်တော်ဘူး ဆိုတဲ့ ဆောင်းပါးပါ ဝေဖန် ရေးသားချက် ဟာလည်း ပြည့်ဝတဲ့ ဒီမိုကရေစီကို မြန်မာပြည်သူတွေ နားမလည်ဘူး ဆိုတဲ့ အဓိပ္ပါယ်မျိုး ရောက်တာမို့ မြန်မာပြည်သူတွေကို စော်ကားရာ ကျတယ်လို့ ဦးနိုင်းနိုင်းက ပြောပါတယ်။

မြန်မာ ပြည်သူတွေအနေနဲ့ ခေတ်မှီ နည်းပညာတွေနဲ့ အမှီလိုက်ပြီး ကမ္ဘာနဲ့ ရင်ဘောင်တန်း နိုင်အောင် ကြိုးစားနေကြပြီး အုပ်ချုပ်သူ ယန္တရားကြီးကြောင့်သာ အခုလို ဖြစ်နေရတာလို့ ဆိုပါတယ်။

အစိုးရပိုင် သတင်းစာ တဆင့် ဒေါ်အောင်ဆန်း စုကြည်နဲ့ NLD အပေါ် ဝေဖန် တိုက်ခိုက်မှု တွေ လုပ်နေတဲ့ ဒီဆောင်းပါးတွေဟာ ပြည်သူတွေရဲ့ သဘောတရားကို ကိုယ်စားပြုတဲ့ ဆောင်းပါးတွေ မဟုတ်ဘူးလို့လည်း ဦးနိုင်းနိုင်း က ပြောပါတယ်။