ILO ဒုတိယအကြီးအကဲ မြန်မာနိုင်ငံရောက်ရှိ

ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ILO ရဲ့ဒုတိယအကြီးအကဲနဲ့ အလုပ်သမား စံချိန် စံညွှန်းဆိုင်ရာ အမှုဆောင် ဒါရိုက်တာ Mr Guy Ryder ဦးဆောင်တဲ့ အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့တခု ဟာ မြန်မာနိုင်ငံ ကို လေးရက်ကြာ ခရီးစဉ်အဖြစ် အင်္ဂါ နေ့ ညနေ မှာ ရောက်ရှိလာ ပါတယ်။

အဲဒီကိုယ်စားလှယ်အဖွဲ့ဟာ အခုခရီးစဉ် အတွင်း နေပြည်တော်မှာ အစိုးရ ခေါင်းဆောင်တွေ နဲ့ တွေ့ဆုံမှာ ဖြစ်သလို ရန်ကုန်မြို့မှာလည်း အစိုးရနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ အပြင်၊ သံတမန်တွေနဲ့ပါ တွေ့ဆုံဖို့ရှိပါတယ်။

Mr Guy Ryder ဦးဆောင်တဲ့ ILO အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံမှာ အဓမ္မ လုပ်အားပေး ခိုင်းစေမှု ပျောက်ရေးနဲ့ ပတ်သက် တဲ့ ထပ်တိုး သဘော တူညီ ချက်ကို သက်တမ်းတိုးဖို့ လက်မှတ်ရေးထိုးမှာ ဖြစ်သလို အလုပ်သမားသမဂ္ဂ ဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီး မြန်မာ အစိုးရက ရေးဆွဲနေတဲ့ ဥပဒေအပေါ် အကြံပေးမှု တွေလည်း လုပ်ဖို့ ရှိကြောင်း ရန်ကုန်မြို့မှာ ရှိတဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ILO ဆက်သွယ်ရေး အရာရှိ Mr Steve Marshall က ပြောပါတယ်။

ရန်ကုန်မြို့မှာရှိနေစဉ်အတွင်း ILO ကိုယ်စားလှယ်အဖွဲ့ဟာ အခြားအစိုးရ အဖွဲ့အစည်း တွေနဲ့ တွေဆုံပြီး၊ လူကုန်ကူးမှု တိုက်ဖျက်ရေး၊ လွတ်လပ်စွာ သင်းပင်း ဖွဲ့စည်းရေးတွေ အပါအဝင် အိုင်အယ်လ်အိုရဲ့လုပ်ငန်းဘောင်အတွင်းမှာ ကျရောက်တဲ့ လူ့အခွင့်အရေး ဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

လူကုန်ကူးမှုတိုက်ဖျက်ရေးနဲ့ပတ်သက်တဲ့ အပိုင်းတွေကို Mr Steve Marshall ရှင်းပြရာ မှာတော့ သမားရိုးကျ အပိုင်း အနေနဲ့ အသက်မပြည့်တဲ့ ကလေးတွေကို စစ်တပ်ထဲသွင်းတာ၊ လူတွေကို အစိုးရစီမံကိန်းတွေမှာ အဓမ္မအလုပ်ခိုင်း တာလို ကိစ္စတွေပါဝင်သလို၊ အဓမ္မ လုပ်အားပေး ခိုင်းစေဖို့ အတွက် လူကုန်ကူးတဲ့ အပိုင်း လည်း ပါဝင်တယ် လို့ ဆိုပါတယ်။

ဥပမာ မြန်မာနိုင်ငံသားတစုကို ထိုင်းငါးဖမ်းလုပ်ငန်းမှာ အဓမ္မ အလုပ်ခိုင်းဖို့ လူကုန်ကူးတဲ့ အမှု တခုမှာ မြန်မာနဲ့ ထိုင်းအစိုးရ ပူးပေါင်းဆောင်ရွက်မှုကြောင့် လူ ၅၄ ဦး ကို မြန်မာပြည် ဖက် ပြန်ခေါ်ယူနိုင် ခဲ့ကြောင်း သူက ရှင်းပြ ပါတယ်။

နောက်တခုက မြန်မာအမျိုးသမီးတွေကို တရုတ်ပြည်ဖက် လူကုန်ကူးပြီး စိုက်ပျိုးရေး လုပ်ငန်း တွေမှာ အဓမ္မခိုင်းစေ တာတို့၊ အလိုမတူဘဲ လက်ထပ်ခိုင်းတာတို့လို ကိစ္စ အမျိုးမျိုး ပါဝင်ပါတယ်။

မြန်မာ အစိုးရဟာ အဲဒီအစိုးရတွေနဲ့ ဆက်ဆံရေးကောင်းမွန်သလို၊ ILO ရဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေးအစီ အစဉ်တွေလဲ အဲဒီနိုင်ငံတွေမှာ ရှိတဲ့အတွက် ပူးပေါင်းပြီး အရေးယူ ဆောင်ရွက်မှုတွေ လုပ်လို့ရကြောင်း သူကပြောပါတယ်။

Mr Ryder အနေနဲ့ အခြားမြန်မာနိုင်ငံဒေသတွေဆီ သွားနိုင်မှာတော့ မဟုတ်ကြောင်းနဲ့ ဒါပေမယ့်လို့ ဒေသတချို့မှာရှိတဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေနဲ့ တော့ ရန်ကုန်မြို့မှာတွေ့နိုင်အောင် စီစဉ်ထားတာ ရှိကြောင်း Mr Steve Marshall က ပြောပါတယ်။