မြန်မာနိုင်ငံမှာ ပိုလီယို ပိုးပြန်တွေ့

မြန်မာနိုင်ငံမှာ အမြစ်ပြတ်သွားပြီလို့ ယူဆစရာ ရှိခဲ့တဲ့ ပိုလီယို အကြောသေ ရောဂါပိုး ပြန်တွေ့ခဲ့ရပါတယ်။

ဓာတ်ပုံ မူပိုင် UNICEF
Image caption UNICEF က တနိုင်ငံလုံးက ကလေးတွေကို ကာကွယ်ဆေး တိုက်ဖို့ ပြင်ဆင် (ဓာတ်ပုံ UNICEF)

ပြီးခဲ့တဲ့ ဒီဇင်ဘာလက မန္တလေးတိုင်း ရမည်းသင်းမြို့က အသက် ၇ လသားရှိတဲ့ ကလေးမှာ ပိုလီယိုရောဂါပိုး တွေ့ခဲ့ရတဲ့ အတွက် အနားတဝိုက် ဒေသက ကလေးပေါင်း တသောင်းကျော်ကို ချက်ခြင်း ပိုလီယိုဆေး တိုက်ခဲ့ရတယ်လို့ ယူနီဆက် ကုလသမဂ္ဂ ကလေးသူငယ်များ ရံပုံငွေအဖွဲ့က ဆိုပါတယ်။

မန္တလေးတိုင်းထဲက ရမည်းသင်းမြို့နဲ့ မွန်ပြည်နယ် သံဖြူဇရပ်မြို့ တို့မှာလည်း ကလေးနှစ်ဦးမှာ ပိုလီယို ရောဂါပိုး ရှိနေတယ်လို့ သံသယဖြစ်စရာ အခြေအနေတွေ့ရတဲ့ အတွက် စစ်ဆေးခဲ့ပြီးမှ ပိုး မဟုတ်တာ တွေ့ရတယ်လို့ ဆိုပါတယ်။

အခုတော့ တနိုင်ငံလုံးမှာ ရှိတဲ့ ကလေးတွေကို ပိုလီယို ရောဂါဆေး တိုက်ဖို့ စီစဉ်နေကြပါပြီ။

ပိုလီယို ရောဂါ တဦးမှာ ပြန်တွေ့ တာဟာ အလျင်အမြန် တုန့်ပြန်ဆောင်ရွက်ဖို့ လိုတယ် ဆိုတဲ့ အချက် ပေး ခေါင်းလောင်း ထိုးလိုက်တာ ပါပဲ လို့ ရန်ကုန်မှာရှိတဲ့ ယူနီဆက် ရုံးက ပြန်ကြားရေး အရာရှိ Ms Zaphrin Choudhry က ဘီဘီစီကို ပြောပါတယ်။

ဒီကိစ္စ အတွက် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ ကြီး နဲ့ ယူနီဆက် ပူးပေါင်းပြီး ဘာတွေ ကူညီလုပ်ဆောင်ပေးဖို့ လိုအပ်တယ် ဆိုတာ တိုင်ပင်နေပါတယ်။ အသေးစိတ် အစီအစဉ် ကို တော့ နောက်သီတင်းပတ် လောက် ကျမှ သိရမှာပါ လို့လဲ သူက ဆိုပါတယ်။

နိုင်ငံတဝန်းလုံး မှာရှိတဲ့ ကလေးငယ် ၃ သန်း ကျော် ကို ပိုလီယို ကာကွယ်ဆေး ပြန်ပေး ဖို့ အထိ ဖြစ်လာမယ် လို့လည်း သိရပါတယ်။

ယူနီဆက် အရာရှိတွေက အခုနောက်ဆုံး ပိုးတွေ့ရတဲ့ ကလေး ဘယ်လို ဒီပိုး ရခဲ့သလဲ ဆိုတာ အတိအကျ မသိရဘူးလို့ ဆိုပါတယ်။ ကာကွယ်ဆေး အရင် က မရခဲ့တာလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ပိုလီယိုပိုးမတွေ့ရတာ ၂၀၀၇ ခုနှစ်ကတည်းက ဆိုတော့ တနိုင်ငံလုံး ပိုလီယို ကင်းစင်ပြီလို့ ကြေငြာလုဆဲဆဲမှာ ပိုးရှိတဲ့ ကလေး တွေ့လိုက်ရတာပါ။