မြန်မာကို ကူညီရေးမူချဖို့ အမေရိကန် ဆွေးနွေး

အမေရိကန် အစိုးရက မြန်မာနိုင်ငံ အပေါ် အကူအညီ ပေးရေးနဲ့ ပတ်သက်ပြီး အန်အယ်လ်ဒီ ပါတီနဲ့ရော၊ မြန်မာ အစိုးရ နဲ့ပါ ဆွေးနွေးမှုတွေ စတင် ဆောင်ရွက် နေပြီလို့ မြန်မာ နိုင်ငံ ဆိုင်ရာ အမေရိကန် သံရုံး တာဝန်ခံ မစ္စတာ လယ်ရီ ဒင်းဂါး က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption အကျယ်ချုပ်က မလွတ်မီ တွေ့ခဲ့တဲ့ သံတမန်တွေ ထဲမှာလည်း မစ္စတာ ဒင်းဂါး(လက်ဝဲ) ပါဝင်

အင်္ဂါနေ့ နေ့လည်ပိုင်းက ဒေါ်အောင်ဆန်း စုကြည် ပါဝင်တဲ့ အန်အယ်လ်ဒီ ခေါင်းဆောင် တွေက မစ်စတာ လယ်ရီ ဒင်္ဂါး နဲ့ သူ့အိမ်မှာ တစ်နာရီကြာ တွေ့ဆုံ ခဲ့ကြ ပါတယ်။ ဘာတွေ ဆွေးနွေးခဲ့ကြတယ် ဆိုတဲ့ အသေးစိတ် ကိုတော့ နှစ်ဖက် စလုံးက ထုတ်ပြန်ခြင်း မရှိ ပါဘူး။

ဒါပေမဲ့ မြန်မာနိုင်ငံ အပေါ်ပိတ်ဆို့ အရေးယူမှု တွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်း စုကြည်ရဲ့သဘောထား က တော့ ပြည်သူ လူထုကို ထိခိုက်တယ် ဆိုရင် ဘယ်လို နည်းလမ်း ရှာ သင့်တယ် ဆိုတာ စီးပွားရေး ပိတ်ဆို့တဲ့ နိုင်ငံတွေနဲ့ ဆွေးနွေးဖို့ တံခါး ဖွင့်ထား ပါတယ် လို့ အန်အယ်ဒီ ဒုတိယဥက္ကဌ ဦးတင်ဦးက ပြောပါတယ်။

အနောက် နိုင်ငံ တွေရဲ့ပိတ်ဆို့ အရေး ယူမှုနဲ့ပတ်သက်လို့ မြန်မာ အစိုးရ ထိန်းချုပ်တဲ့ သတင်းစာတွေထဲမှာ ဒေါ်အောင်ဆန်း စုကြည်ကို အပြစ်တင် ခဲ့ပြီး၊ သူ့အပေါ် ခြိမ်းခြောက်မှု ဆန်တဲ့ သတင်း ဆောင်းပါး တွေကို ဖော်ပြခဲ့ ပါတယ်။

အန်အယ်ဒီ ပါတီ ဘက်က လေ့လာချက် အရ မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့ အရေးယူမှု တွေဟာ ပြည်သူ တွေကို တိုက်ရိုက် ထိခိုက်မှု မရှိဘဲ အစိုးရကိုသာ ထိခိုက် စေတာ ဖြစ်တယ် လို့ မကြာသေးခင်က ထုတ်ပြန်ခဲ့တဲ့ စစ်တမ်း တစ်စောင်မှာ ဖော်ပြခဲ့ ပါတယ်။