စကတ်ဒုံးလက်နက် ထုတ်ရေးထင်သလောက် မလွယ်

ဗိုလ်မှူးဟောင်းစိုင်းသိန်းဝင်း
Image caption ဗိုလ်မှူးဟောင်းစိုင်းသိန်းဝင်း

မြန်မာနဲ့ မြောက်ကိုရီးယား ပူးပေါင်းပြီး စကတ်တာဝေးပစ် ဒုံးလက်နက်စက်ရုံကို အထက်မင်းလှ ကုန်းကြီးရွာအနီးမှာ တည်ဆောက်နေတယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်လို့ ပြည်ပရောက် စစ်အင်္ဂျင်နီယာ ဗိုလ်မှူးသိန်းဝင်းကို မေးကြည့်ပါတယ်။

အဲဒီနေရာမှာ ကကထုတ်ကနေ လက်နက်စက်ရုံတွေ တည်ဆောက်နေတာ သူတို့ဗိုလ်လောင်းဘဝကတည်းက ဖြစ်ကြောင်း တကယ်လို့ စကတ်လက်နက် ထုတ်လုပ်ရင်တောင် စမ်းသပ်ရမှာ ဖြစ်လို့ ဖုံးကွယ်လို့မရဘဲ မကြာမီပေါ်လာနိုင်ကြောင်း စိုင်းသိန်းဝင်းက ဘီဘီစီကိုပြောပြပါတယ်။

အခုစကတ် ဒုံးလက်နက်တွေဟာ လောင်စာအရည်သုံးတဲ့အဆင့်မြင့်နည်းပညာဖြစ်လို့ အောင်မြင်ဖို့မလွယ်ဘူးလို့ သူကဆိုပါတယ်။ ဒါပေမဲ့ကပစက လက်နက် ထုတ်လုပ်ရာမှာ စက်ရုံတခုလုံးအတွက် နည်းပညာကို မြောက်ကိုရီးယားက မှာပြီး ပစ္စည်းတွေ အစိတ်အပိုင်းတွေကို တခြားနိုင်ငံကနေလျှို့ဝှက် တင်သွင်းတာ ဖြစ်နိုင်တယ်လို့ ဆက်ပြောပါတယ်။

အခုလာမဲ့ မတ်လအတွင်း ရုရှားကနေ MIG29 တိုက်လေယဉ်တွေ မြန်မာနိုင်ငံကို ရောက်မယ်ဆိုတဲ့သတင်းနဲ့ပတ်သက်လို့လည်း အခုလို လေတပ်ခေတ်မှီအောင် လုပ်ရတာကတော့ ထိုင်းလေတပ်ကမြန်မာကို ဝင်တိုက်ရာမှာ ခံလိုက်ရတဲ့ ရာဇဝင်ရှိလို့ ရေဒါမပါတဲ့ S7 လေယာဉ်တွေအစား ခေတ်မှီတိုက်လေယာဉ်တွေကို ရုရှားက ဝယ်တာဖြစ်တယ်လို့ရှင်းပြပါတယ်။ဒါပေမဲ့ဝယ်ယူလိုက်ရုံနဲ့အလုပ်မဖြစ်သေးဘဲအရင် ဝယ်ထားတဲ့တိုက်လေယဉ် ၆စီးအနက် ၅စီးသာ သုံးနိုင်ပြီး ကျန်တစီးကတော့ လေယဉ်ပျက်ရင် အပိုပစ္စည်းအဖြစ် သုံးထားလို့ မပျံသန်းနိုင်ဘဲဖြစ်နေကြောင်း ဒါကြောင့် စီမံခန့်ခွဲမှုကောင်းဖို့က ပိုအရေးကြီးကြောင်း စိုင်းသိန်းဝင်းက ဘီဘီစီကိုပြောသွားပါတယ်။

မတ်လ၁ရက်နေ့ကအမေရိကန်နိုင်ငံခြားရေးဌာနရဲ့မြောက်ကိုရီးယားအရေးဆွေးနွေးပွဲမှာလည်း မြောက်ကိုရီးယားက နူးကလီးယားနည်းပညာနဲ့ လက်နက် နည်းပညာတွေ အတွက်မြန်မာနဲ့ ဆက်သွယ်နေတာဟာ ကုလသမဂ္ဂဆုံးဖြတ်ချက်နဲ့ဆန့်ကျင်နေကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကတ်ကင်းဘဲလ် ကပြောကြားသွားပါတယ်။