ပြည်သူ့အကျိုးစီးပွားနဲ့ မညီရင်ကန့်ကွက်မယ်

မြန်မာနိုင်ငံမှာ လွှတ်တော်တွေ ကျင်းပနေဆဲမှာပဲ စစ်အစိုးရက တိုးတိုးတိတ်တိတ် နိုင်ငံတော် ပြန်တမ်းကနေ ထုတ်ပြန်ခဲ့တဲ့ ဘဏ္ဍာငွေ ခွဲဝေ သုံးစွဲမှု ဥပဒေတွေ အပေါ် ပြည်သူ့အကျိုးစီးပွားနဲ့ မကိုက်ညီဘူးဆိုရင် ကန့်ကွက် ဝေဖန်သွားမယ်လို့ လွှတ်တော်ထဲ ရောက်နေတဲ့ နိုင်ငံရေး ပါတီတွေက ထုတ်ဖော် ပြောကြား လိုက်ပါတယ်။

Image caption ပြည်သူ့အကျိုးစီးပွားနဲ့ မကိုက်ညီရင် ဝေဖန်မယ်လို့ ဦးခင်မောင်ဆွေပြော

အခုထုတ်ပြန်ခဲ့တဲ့ ဘတ်ဂျတ်ခွဲဝေသုံးစွဲမှု ဥပဒေတွေရ စစ်တပ်ရဲ့ အသုံးစရိတ်ဟာ ၂၀ ရာခိုင်နှုန်းကျော်နဲ့ အများဆုံး ရယူသုံးစွဲထားပြီး ပညာရေးနဲ့ ကျန်းမာရေး ကဏ္ဍတွေအတွက် သုံးစွဲမှုတွေကတော့ နည်းနေဆဲ ဖြစ်ပါတယ်။

၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွက် စစ်အစိုးရက ထုတ်ပြန်ခဲ့တဲ့ ဘတ်ဂျတ် ဥပဒေတွေဟာ ဥပဒေအဖြစ် ပြဌာန်းပြီး ဖြစ်ပေမယ့်လို့ လွှတ်တော်တွင်း ချပြဆွေးနွေးလို့ ရမယ်ဆိုရင်တော့ ဆွေးနွေးသွားမယ်လို့ အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ပါတီ ခေါင်းဆောင် ဦးခင်မောင်ဆွေက ဘီဘီစီကို ပြောပါတယ်။

စစ်တပ်ရဲ့ အသုံးစရိတ်တွေဟာ ပတ်ဝန်းကျင် နိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် များသလား၊ နည်းသလား ဆိုတာကို လေ့လာမယ်၊ ဆိုရှယ်လစ်ခေတ်ကလို သိပ်များနေရင်တော့ NDF အနေနဲ့ ဝေဖန် ဆွေးနွေးမယ်လို့ သူက ဆိုပါတယ်။

Image caption မေတ္တာရပ်ခံမယ်၊ သတိပေးမယ်၊ လုပ်တာ မလုပ်တာက အစိုးရသစ် တာဝန်လို့ ဆိုသူ

ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် တွေမှာ ကိုယ်စားလှယ် တယောက်မှ အနိုင်မရဘဲ တိုင်းဒေသ လွှတ်တော်မှာသာ အနိုင်ရခဲ့တဲ့ ဒီမိုကရက်တစ်ပါတီ မြန်မာ ကလည်း မိတ်ဆွေ ပါတီတွေနဲ့ ညှိနှိုင်းလို့ ဘယ်လို အရေးယူ ဆောင်ရွက်ရင် ကောင်းမလဲ ဆိုတာကို လုပ်ကိုင် ဆောင်ရွက် သွားမယ်လို့ ဆိုပါတယ်။

အခုလို ဘတ်ဂျတ် ဥပဒေကို သိခွင့်ရတာဟာ ပထမအကြိမ်ဖြစ်ပြီး စစ်ရေးအသုံး စရိတ်ဟာ အရင်ကထက် နည်းသွားတယ်လို့ ဆိုနိုင်ပေမယ့် တကယ်တမ်းတော့ များနေဆဲပဲလို့ ဒီမိုကရက်တစ်ပါတီ မြန်မာရဲ့ အထွေထွေ အတွင်းရေးမှူး ချုပ် ဒေါ်သန်းသန်းနုက ပြောပါတယ်။

လွှတ်တော်တွင်းမှာ ဒီမိုကရက်တစ်ပါတီတွေဘက်က ဘယ်လောက်ပဲ အင်အား နည်းပါစေ၊ မသင့်တော်တဲ့ ဥပဒေတွေ ဖြစ်နေမယ်ဆိုရင်တော့ မေတ္တာရပ်ခံတဲ့ သဘော၊ သတိပေးတဲ့ သဘောနဲ့ လွှတ်တော်တွင်း တင်ပြသွားမယ်၊ အရေးယူဆောင်ရွက်ဖို့ ကိစ္စကတော့ လာမယ့် အစိုးရသစ် အပေါ်မှာ မူတည်တယ်၊ အစိုးရသစ်ကို စောင့်ကြည့် ရမယ်လို့ ဒေါ်သန်းသန်းနုက ဘီဘီစီကို ပြောပါတယ်။