ပါလီမန်မှာ ဝန်ကြီးတွေ လိုရာဆွဲဖြေ

မြန်မာ နအဖ အစိုးရ ပြန်ကြားရေး ဝန်ကြီး ဦးကျော်ဆန်းက မြန်မာ နိုင်ငံမှာ သတင်းစာ၊ ဂျာနယ်နဲ့ စာအုပ် စာတမ်းတွေ၊ အစိုးရ ရေဒီယို ရုပ်မြင် သံကြားတွေနဲ့ သတင်း ဖြန့်ဝေ မှုတွေ အများကြီး ရှိတဲ့အတွက် အခြား ကမ္ဘာ့ နိုင်ငံတွေနည်းတူ မြန်မာပြည်သူတွေ လည်း သတင်း အချက်အလက်တွေ ရရှိနိုင် တယ်လို့ နေပြည်တော်က လွှတ်တော် အစည်း အဝေးမှာ ပြောပါတယ်။

ဓာတ်ပုံ မူပိုင် afp
Image caption အစိုးရသစ် ဖွဲ့မယ့် လွှတ်တော်သစ်ကြီးမှာ နအဖ အစိုးရ လက်ထက်က လုပ်ဆောင်ချက် တွေကိုပဲ ပြောနေ

ကျန်းမာရေး ဝန်ကြီး ဒေါက်တာကျော်မြင့်က လည်း ဆင်းရဲတဲ့ ပြည်သူတွေအတွက် အစိုးရ ဆေးရုံတွေမှာ အခမဲ့ ဆေး ကုသခွင့် ပေးနေသလို၊ ဆေးပဒေ သာပင်လို ရန်ပုံငွေတွေ ထားရှိတာကြောင့် ဝင်ငွေ နည်းတဲ့ ပြည်သူတွေ ဆေး ကုသခွင့် ရှိနေတယ်လို့ ပြည်သူ့ လွှတ်တော်မှာ ပြောခဲ့ပါတယ်။

အဲဒီ ဖြေရှင်းချက် အပေါ် အခြေခံပြီး ဝင်ငွေ နည်းပါးတဲ့ ပြည်သူတွေ ဆေးကုသခွင့် ရအောင် ဆောင်ရွက် ပေးဖို့ အဆို တင်သွင်းတဲ့ နမ်းခမ်း မဲဆန္ဒနယ်က ဒေါက်တာ စိုင်းကျော်အုန်းက သူ့ အဆိုကို ပြန်လည် ရုပ်သိမ်း သွားခဲ့ရ ပါတယ်။

ပြန်ဖြေတဲ့ ဝန်ကြီးတွေ ဟာ နအဖအစိုးရ ကိုယ်စားပြောတာလား၊ သမ္မတဦးသိန်းစိန် အစိုးရ ရဲ့ ကိုယ်စား ပြောတာလား ဆိုတာလည်း ကွဲကွဲပြားပြား မရှိလှပါဘူး။

ပြည်ထောင်စု အဆင့် ပုဂ္ဂိုလ်လို့ ခေါ်တဲ့ သက်ဆိုင်ရာ ဝန်ကြီးတွေက သူတို့ အရင်က ဆောင်ရွက်ခဲ့တာတွေဟာ အောင်မြင် အလုပ် ဖြစ် နေတဲ့ သဘောမျိုးတွေသာ ပြောခဲ့ကြ ပါတယ်။

လွှတ်တော် ကိုယ်စားလှယ် တချို့ကတော့ အဲဒီလို ဖြေသွားတဲ့ အတိုင်း လက်တွေ့ အခြေ အနေ ရှိမရှိ လေ့လာ သွားမှာ ဖြစ်ပြီး ဖြေသွားတဲ့ ဝန်ကြီး တွေဟာ သူတို့ကို မေးတဲ့ မေးခွန်းကို တိုက်ရိုက် ဖြေတာထက်၊ သူတို့ လိုရာဆွဲ ပြောတာက ပိုများနေ တယ်လို့ ပြောခဲ့ကြ ပါတယ်။

ဒါပေမဲ့ လွှတ်တော် တွေမှာ ဒီလောက် ဆွေးနွေးခွင့် ရတာကို အခွင့်အရေး တစ်ရပ် အဖြစ် မြင်ကြပြီး ဝန်ကြီးတွေရဲ့ ရှင်းပြချက် တွေကို အကောင်းမြင်တဲ့ ကိုယ်စား လှယ်တွေ လည်း ရှိကြ ပါတယ်။

သေချာတာ တစ်ခု ကတော့ နအဖ အစိုးရ လက်ထက်မှာ ပြည်သူက ဘာမှ မေးခွင့် ပြောပိုင်ခွင့် မရှိခဲ့ရာက အခုတော့ လွှတ်တော် ကိုယ်စားလှယ်တွေက မေးနိုင်တဲ့ အခြေ အနေတော့ ဖြစ်လာ ပါပြီ။

ဒါပေမဲ့ သူတို့ ဘယ်လောက် မေးလို့ ရသလဲ၊ ဒီလွှတ်တော် ကနေ မြန်မာနိုင်ငံ ပြုပြင် ပြောင်းလဲရေးကို တကယ် လုပ်နိုင်မှာလား၊ ဒါမှမဟုတ် နအဖအစိုးရရဲ့ လက်ရှိ မူဝါဒနဲ့ ဆောင်ရွက်ချက် တွေကို အတည်ပြု ပေးရုံသက်သက် လွှတ်တော်တွေပဲ ဖြစ်လာမလား ဆိုတာကို တော့ အပြောင်းအလဲ ဖြစ်ဖို့ မျှော် လင့်နေကြတဲ့ မြန်မာ ပြည်သူတွေက စောင့်ကြည့်နေမှာ သေချာလောက် ပါတယ်။

ဒါကြောင့် နေပြည်တော်က လွှတ်တော် အစည်းအဝေး တွေဟာ ရွေးကောက်ပွဲ နီးမှ မှတ်ပုံတင် လာကြတဲ့ ပါတီတွေက ကိုယ်စားလှယ် အသစ် စက်စက်တွေ နဲ့ လွှတ် တော် အဆောက် အဦသစ်ကြီးမှာ ပြုလုပ်နေတာ ဖြစ်ပေမဲ့ မေးခွန်း တွေကို ဖြေတာ၊ အဆိုတွေကို ဆွေးနွေးတာ တွေကတော့ အရင်ပုံစံ အဟောင်းနဲ့ သိပ်ကွာ ခြားတာ မတွေ့ရ ပါဘူး။