စုံစမ်းရေး ကော်မရှင် ဖွဲ့ရေး ထောက်ခံဖို့ တောင်းဆို

ဂျနီဗာမှာ ကျင်းပနေတဲ့ လူ့အခွင့် အရေး ကောင်စီမှာ မြန်မာ နိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ အထူး သံတမန် မစ္စတာ သောမတ် အိုဟေး ကင်တားနားက မြန်မာ နိုင်ငံ တွင်းမှာ ဖြစ်နေတဲ့ လူ့ အခွင့် အရေး အခြေ အနေ တွေကို တနင်္လာ နေ့က အစီရင် ခံစာ တင်သွင်း ခဲ့ပါတယ်။

Image caption မြန်မာ နိုင်ငံ လူ့အခွင့် အရေး အစီရင်ခံစာမှာ ပညာရေး ဆိုင်ရာ အခွင့် အရေးကိုလည်း ထည့်ထား

အဲဒီ အစီရင်ခံစာ ထဲမှာ မြန်မာနိုင်ငံ အတွင်း လူ့အခွင့်အရေး အခြေ အနေတွေဟာ တိုးတက်မှု မရှိသေးတာကို ဖော်ပြထား ပြီး လူ့အခွင့် အရေး ချိုးဖောက် တာတွေ ရှိတယ် ဆိုတဲ့ စွပ်စွဲမှု တွေကို အာဏာပိုင်တွေက စုံစမ်း စစ်ဆေး ဖော်ထုတ် ဖို့နဲ့ အဲဒီလို မလုပ်ဆောင်ရင် ကုလ သမဂ္ဂက ဦးဆောင်ပြီး စုံစမ်း စစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းဖို့ တောင်းဆို ထားပါတယ်။

Burma Partnership မြန်မာ့ အရေး ပူးပေါင်း ဆောင်ရွက်သူများ အဖွဲ့က လည်း မစ္စတာ ကင်တာနား တောင်းဆို ထားခဲ့တဲ့ စုံစမ်း စစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းရေး ကို ထောက်ခံ ပေးပါလို့ လူ့အခွင့် အရေး ကောင်စီကို တိုက်တွန်း လိုက်ပါတယ်။

မြန်မာ နိုင်ငံမှာ အစိုးရသစ်တစ်ရပ် ပေါ်ပေါက်လာပြီ ဖြစ်ပေမဲ့ အဲဒီ အစိုးရသစ်ဟာ မြန်မာ နိုင်ငံမှာ လူ့အခွင့် အရေး ကိစ္စတွေကို ကိုင်တွယ် ဖြေရှင်း နိုင်ဦးမှာ မဟုတ်တဲ့ အတွက် လူ့အခွင့် အရေး ကောင်စီမှာပါတဲ့ နိုင်ငံတွေ အနေနဲ့ရော ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ပါ မြန်မာ နိုင်ငံ အပေါ် အထူးစုံစမ်း စစ်ဆေးရေး ကော်မရှင် ဖွဲ့ဖို့ပါ တိုက်တွန်းတာ ဖြစ်တယ်လို့ မြန်မာ့ အရေး ပူးပေါင်း ဆောင်ရွက် သူများ အဖွဲ့က ဦးအောင်မျိုးမင်းက ပြော ပါတယ်။

လောလောဆယ်မှာ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရေးကို ထောက်ခံ အားပေးတဲ့ နိုင်ငံပေါင်း ၁၅ နိုင်ငံပဲ ရှိသေးတာမို့ လူ့အခွင့်အရေး ကောင်စီကနေ တဆင့် အထွေထွေ ညီလာခံ အဆင့် အထိ ဒီကိစ္စကို ဝိုင်းဝန်း ထောက်ခံ ပေးဖို့ တိုက်တွန်းတာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန္နဝါရီလက မြန်မာ့ လူ့ အခွင့်အရေး ကိစ္စနဲ့ ပတ်သက်လို့ ကြားနာမှု လုပ်ခဲ့ရာမှာ မြန်မာ အစိုးရဘက်က လုပ်ဆောင်မှုတွေကို တင်သွင်း နိုင်ဖို့ ဇွန်လ အထိ အချိန်ပေး ထားတာကြောင့် အခု အစည်းအဝေး ကနေတော့ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်း ရေးကို ဆုံးဖြတ် မယ့် အစီအစဉ် မရှိနိုင် သေးပါဘူး။

ဒါကြောင့် လာမယ့် ဇွန်လ ကျမှသာ မြန်မာ နိုင်ငံ လူ့အခွင့်အရေး အခြေ အနေနဲ့ ပတ်သက်လို့ ဘယ်လိုနည်းနဲ့ ဆုံးဖြတ်နိုင်တယ်ဆိုတဲ့ သဘောထား ပေါ်ပေါက် လာဖွယ် ရှိတယ်လို့ ဦးအောင်မျိုးမင်းက ပြော ပါတယ်။