ဒေါ်စုနဲ့ တခြား နိုင်ငံရေး ပါတီဝင် တွေကို အီးယူ တွေ့ဆုံ

အီးယူ ဥရောပ သမဂ္ဂက သံတမန် အဖွဲ့က ဒေါ်အောင်ဆန်း စုကြည် နဲ့ တခြား နိုင်ငံရေး ပါတီ ငါးပါတီက ကိုယ်စားလှယ် တွေကို တွေ့ဆုံ ဆွေးနွေးခဲ့ ပါတယ်။

Image caption ပိတ်ဆို့မှုကို ကန့်ကွက်တဲ့ ၁၀ ပါတီထဲမှာ ဒီမို ကရက် တစ် ပါတီ မြန်မာ လည်းပါ

ဘန်ကောက်က လာတဲ့ ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံများက သံအမတ် ၉ ယောက်နဲ့ ရန်ကုန်မြို့က ဗြိတိန်၊ ပြင်သစ်၊ အီတလီ စတဲ့ သံရုံး အသီးသီးက သံအမတ် ၆ ယောက် တို့ အပါအဝင် သံတမန် ၂၅ ယောက်လောက် ပါတဲ့ အဖွဲ့က အန်အယ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဒေါ်အောင်ဆန်းစုကြည် အပြင် မြန်မာ နိုင်ငံ အပေါ် စီးပွားရေး ပိတ်ဆို့ အရေးယူမှုကို ပယ်ဖျက်ပေးဖို့ လိုလား တောင်းဆိုနေကြတဲ့ ဒီမိုကရေစီ ပါတီ နှစ်ခုနဲ့ တိုင်းရင်းသား ပါတီ သုံးခုတို့က ကိုယ်စားလှယ်တွေကို ဖိတ်ခေါ် ခဲ့တာလို့ သိရပါတယ်။

အဲဒီပါတီတွေဘက်က တက်ရောက်တဲ့ ကိုယ်စားလှယ်တွေ ကတော့ အန်ဒီအက်ဖ် အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစုက ဦးခင်မောင်ဆွေ၊ ဒီမို ကရက်တစ်ပါတီ မြန်မာ က ဦးသုဝေ၊ မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီ ပါတီက ဦးနိုင်ငွေသိန်း၊ ရှမ်းတိုင်းရင်းသားများ ဒီမို ကရက်တစ် ပါတီက ဦးစောသန်းမြင့်နဲ့ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီက ဦးဦးလှဝေ တို့ ဖြစ်ကြပါတယ်။

ရန်ကုန်မြို့က အီတလီ နိုင်ငံ သံရုံးမှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ မြန်မာ နိုင်ငံ အပေါ် ပိတ်ဆို့ အရေးယူ ထားတဲ့ ကိစ္စ ကလည်း အဓိကထား ဆွေးနွေး ခဲ့ကြတဲ့ အကြောင်းရပ် တစ်ခု ဖြစ်တယ်လို့ ဆွေးနွေး ပွဲမှာ ကိုယ်တိုင် ပါဝင် ခဲ့သူ NDF ပါတီ ခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောပါတယ်။

အီးယူ သံတမန်တွေဘက်က စီးပွားရေး ပိတ်ဆို့ အရေးယူမှုကို ပယ်ဖျက်စေလို တဲ့ အကြောင်းကို မေးခဲ့ တော့ ပိတ်ဆို့ အရေးယူတာဟာ အုပ်ချုပ်သူ တွေနဲ့ သူတို့ရဲ့ နောက်လိုက် နောက်ပါတွေကို ပစ်မှတ် ထားတာ ဖြစ်ပေမဲ့ တကယ်တန်းမှာ ပြည်သူလူထုကို တိုက်ရိုက် ထိခိုက်နေတဲ့ အကြောင်း ဒီကိစ္စအပေါ် ဆန့်ကျင်တဲ့ ပါတီတွေ ဘက်က ကိုယ်စားလှယ်တွေက ဖြေခဲ့ကြတယ်လို့ လည်း ဦးခင်မောင်ဆွေက ပြောပါတယ်။

အီးယူ ဘက်က သူတို့ ဖြေသမျှကို လိုက်လံ မှတ်သားထားပြီး ဘာမှ မှတ်ချက် မပေးဘူးလို့လည်း သူက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကတော့ စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေ ကို ဆက်လုပ်သင့်တယ်၊ ဒါမှမဟုတ် ပယ်ဖျက်ပေးသင့်တယ် ဆိုတာမျိုး ပြောဆိုတာ မရှိခဲ့ဘဲ နိုင်ငံရေး ပါတီတွေ ဘက်က တင်ပြတဲ့ အကြောင်း အရာတွေနဲ့ ပတ်သက်တဲ့ အခြေ အနေတွေ အပေါ်ကိုသာ မှတ်ချက်ပေးတာ ရှိတယ်လို့ ဦးခင်မောင်ဆွေက ပြောပါတယ်။