ရှမ်းပြည်တပ်မတော် ကို လက်နက်ချဖို့ နအဖ ရာဇသံပေး

SSA ဓာတ်ပုံ မူပိုင် SHAN
Image caption ရှမ်းပြည် တပ်မတော်က ပြည်သူ့စစ်ဖွဲ့ဖို့ လက်မခံ

နအဖ အစိုးရရဲ့ ပြည်သူ့စစ် လက်မခံတဲ့ ရှမ်းပြည်တပ်မတော် SSPP/ SSA ကို ဧပြီလ ၁ရက်နေ့မှာ အပြီး လက်နက်ချဖို့ နအဖက ရာဇသံ ပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ညပိုင်းမှာ နအဖနဲ့ SSA တို့ ပစ်ခတ်မှု ဖြစ်ပွားပြီး ၂ရက်အကြာမှာ SSA တပ်မဟာ ( ၁) ကို တပ်ရင်းအားလုံး မတ်လ ၂၀ရက်နေ့ မတိုင်ခင် တပ်ရုတ်သိမ်း ပေးဖို့နဲ့ ဌာနချုပ် ဝမ့်ဟိုင်း မှာပဲ အားလုံး တစုတစည်းထဲ နေကြဖို့ နအဖ ဖက်က ကြားလူကနေ တဆင့် ပြောခိုင်းလိုက်တယ်လို့ သိရပါတယ်။

တခါ ဧပြီလ ၁ရက်နေ့မှာ အပြီး လက်နက်ချဖို့ကိုလည်း ရာဇသံ ပေးထားတယ်လို့ တပ်မဟာ ( ၁ ) နဲ့ နီးစပ်သူက ဘီဘီစီကို ပြောပါတယ်။

နအဖ ရုတ်သိမ်းခိုင်းတဲ့ SSA တပ်ရင်းတွေကတော့ မိုင်းနောင်၊ မိုင်းရှူး၊ တန့်ယန်း၊ လားရှိုး၊ ကျေးသီး၊ သီပေါ၊ မိုင်းရယ်မြို့နယ်ထဲမှာ ရှိတဲ့ တပ်စခန်းနဲ့ တပ်ရင်း အားလုံး ဖြစ်ပါတယ်။

တပ်မဟာ ( ၁ ) မှာ တပ်မဟာ ၅ခုနဲ့ အထူးတပ်ရင်း ၁ခု၊ အမြောက်တပ် ၁ခုနဲ့ တခြား တပ်ရင်း ၂၁ တပ်ရင်း ရှိပါတယ်။

တပ်မဟာ ( ၁ ) အဓိက လှုပ်ရှားနေတဲ့ နယ်ကတော့ ရှမ်းပြည် တောင်ပိုင်း ကျေးသီး၊ မိုင်းရှူးမြို့နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်း မိုင်းရယ်နဲ့ တန့်ယန်း မြို့နယ်ကြားတွေမှာ ဖြစ်ပါတယ်။

တပ်မဟာ ( ၁ ) ရဲ့ အဆိုအရ နအဖက သူတို့ အုပ်စုကို ဒီ ၃၊၄ရက် အတွင်း အပြီး ဖြိုခွင်းမဲ့ အနေအထားမှာ ရှိနေတယ်လို့ ဆိုပါတယ်။

သူတို့ရဲ့ နယ်မြေ ပတ်ပတ်လည်မှာ နအဖက စစ်အင်အား ထပ်ဖြည့်တင်းထားပြီး ရှမ်းတပ် နယ်မြေ တစ်ဝိုက်မှာ နေရာယူထားကြပြီလို့လည်း ပြောပါတယ်။

တနင်္ဂနွေနေ့ကတည်းက ဖြစ်နေတဲ့ ၄ရက်ကြာ တိုက်ပွဲတွေထဲမှာ နအဖ စစ်တပ်က လူအင်အားထက် လက်နက်ကြီး အင်အားတွေနဲ့သာ အဓိကထား တိုက်နေတဲ့အတွက် SSA ဖက်က အဓိက ခြေကုတ်စခန်း ၄၊၅ခု လက်လွှတ်လိုက်ရတယ်လို့ ရှမ်းပြည် တပ်မတော် မြောက်ပိုင်းရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တောင်ဖက် နမ့်မ၊ မော်တောင်း မှာလည်း တနာရီကြာ ပစ်ခတ်ပြီးတဲ့နောက် အဲဒီက တပ်စခန်းနဲ့ တခြား အဓိက ကျတဲ့ တပ်စခန်း ၃၊၄ခု ကိုလည်း နအဖက ထပ်သိမ်းပိုက် ရသွားသလို ဝနယ်မြေထဲသွားတဲ့ ကားလမ်းမ အားလုံးကိုလည်း ပိတ်ဆို့ထားတယ်လို့ အဲဒီ အရာရှိက ပြောပါတယ်။