အင်တာနက်က ဖုန်းခေါ်မှုတွေ တားမြစ်

Gtalk ဓာတ်ပုံ မူပိုင် bbc
Image caption လူတွေ အသုံးများတဲ့ ဂျီတော့

မြန်မာပြည်က အင်တာနက်ဆိုင်တွေမှာ လူအများစု အသုံးပြုနေတဲ့ Skype, G-talk, Pfingo, VZO နဲ့ VOIP တွေကတဆင့် ပြည်ပနဲ့ ဆက်သွယ်နေတာတွေကို ဆက်အသုံးမပြုဖို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားမှူး ဦးတင့်လွင်နဲ့ မြန်မာအင်ဖိုတက် ကော်ပိုရေးရှင်း ဒုညွန်ကြားရေးမှူး ဦးစိန်၀င်းတို့ရဲ့ လက်မှတ်တွေပါတဲ့ ညွန်ကြားစာတွေ ရှေ့ဆင့်နောက်ဆင့် ထွက်ပေါ်လာပါတယ်။

ဒီစာတွေနဲ့ ပတ်သက်လို့ မြန်မာအင်ဖိုတက်က တာ၀န်ရှိသူတဦးကတော့ ညွှန်ကြားချက်အရ လုပ်ရတာပါလို့ ပြောပါတယ်။

"ဆက်သွယ်ရေးအနေနဲ့ လုပ်တော့ စာထွက်ပေးပါဆိုတာနဲ့ ညီမတို့အနေနဲ့ စာထွက်ပေးတာပါရှင်။ အဲ့လိုမျိုးဟာတွေကို တရားမ၀င်ဘူး မသုံးပါနဲ့ တွေ့ရှိပါက အရေးယူမယ်လို့ပဲ ပြောတယ်။ ဘယ်တော့ကစပြီး အရေးယူမယ်လို့လည်း မပြောဘူး။ ဘယ်လို အရေးယူမယ်လို့လည်း မပါဘူး။ ညီမတို့လည်း အဲ့ဒီကိစ္စတွေ အခုဆို အများကြီးပဲလေ ကွန်ပလိန်းတွေရှိတယ်"

ဒီညွန်ကြားစာပါအကြောင်းအရာတွေကိုတော့ အင်တာနက်ဆိုင်တော်တော်များများ ကြားသိထားပြီး တရား၀င်အကြောင်းကြားစာတော့ မရသေးဘူးလို့သိရပါတယ်။ ဒီလိုလုပ်မယ်ဆိုရင် အင်တာနက်ဆိုင်တွေ ထိခိုက်သွားမယ်လို့ အင်တာနက် ဆိုင်ပိုင်ရှင်တဦးက ဆိုပါတယ်။

"ကြားတော့ကြားနေတယ်၊ တရား၀င်စာတော့ မထွက်လာသေးဘူး။ သုံးတဲ့သူတော်တော်များများက အဲ့လို ဂျီတော့ခ်နဲ့ ပြောတာရှိမယ် ဂျီတော့ခ်ကိုချက်တာရှိမယ်။ ဖုန်းသုံးတာတို့ ဒီရက်တွေဆိုရင် ပီဖင်းဂိုးပြောတာတွေ အရင်ကထက် ပိုများလာတယ်။ အဲ့ဒါတွေ နားတော့မယ်ဆိုရင် တော်တော်လေးကို သိသိသာသာ လျော့သွားမှာပေါ့"

နေ့စဉ်လိုလို နိုင်ငံခြားမှာရှိတဲ့ ဆွေမျိုးသားသမီးတွေနဲ့ ဆက်သွယ်နေတဲ့ အမျိုးသမီးတယောက်ကတော့ အင်တာနက်လိုင်းကောင်းရင် အခု ပိတ်ခိုင်းမယ်ဆိုတဲ့ Skype, G-talk, Pfingo, VZO နဲ့ VOIP ဆိုတာတွေက အဆင်ပြေ အကုန်ကျသက်သာတာကြောင့် ဒါကိုပဲ သုံးချင်ကြောင်း ပြောပါတယ်။

"သားတွေ သမီးတွေနဲ့ နိုင်ငံခြားနဲ့ အမြဲ ဆက်သွယ်နေတာလေ။ အဲ့လိုမျိုး စည်းမျဉ်းစည်းကမ်းတွေ တကယ်ထုတ်တယ် ဆိုရင်တော့ မြန်မာပြည်တွင်းက လူတွေတော့ နိုင်ငံခြားရောက် သားသမီးတွေ၊ မိသားစုတွေနဲ့ အရမ်း အလှမ်းဝေးသွားမှာပေါ့။ ဆက်သွယ်ရေး က ဈေးနှုန်းတွေကို တအားမြှင့်လိုက်တယ်လေ။ တမိနစ်ကို ၃ ဒေါ်လာတို့ဘာတို့ မြှင့်လိုက်တဲ့အခါကျတော့ သုံးမိနစ် ၁၀ ဒေါ်လာဆိုရင် ၉ ထောင် တသောင်းလောက် ကျနေပြီလေ။ အခု ဂျီတော့တွေ ဂျီမေးလ်တွေ ပီဖင်းဂိုးတွေ ပေါ်လာတော့ လူတွေက ဒါပဲ သုံးကြတာပေါ့။ ဒါတွေက ဈေးချိုတယ်လေ။ ပိတ်တာကတော့ ဒေါ်အောင်ဆန်းစုကြည်က ကွန်ယက်တွေဘာတွေလုပ်မယ်ဆိုတဲ့ ကိစ္စတို့ ဘာတို့ အဲ့ဒါကို သူတို့ ကြောက်တာလို့ ထင်ပါတယ်"

ဓာတ်ပုံ မူပိုင် ap
Image caption တယ်လီဖုန်းခတွေ စျေးကြီးလွန်းလို့ အင်တာနက်ကို သုံးတာ များလာ

တယ်လီဖုန်းကနေ တဆင့် နိုင်ငံခြားကို ဖုန်းခေါ်ရင် ၁မိနစ်ကို မြန်မာငွေ ၃ထောင်၀န်းကျင် ကုန်ပြီးတော့ အင်တာနက်ကနေ Pfingo သုံးပြီး နိုင်ငံခြားကို ဖုန်းခေါ်မယ်ဆိုရင် တမိနစ် ၅၀လောက်ပဲ ကုန်တယ်လို့ ပြောပါတယ်။ Skype, G-talk VZO တို့နဲ့ ချိတ်ဆက် ပြောရင်တော့ တနာရီမှ ၃၀၀ ၀န်းကျင်ပဲ ကုန်ကျတာကြောင့် တယ်လီဖုန်းနဲ့ ခေါ်ဆိုရတာထက် အဆပေါင်းများစွာ အကုန်ကျသက်သာလို့ အင်တာနက်ကပဲ သုံးချင်ကြတယ်လို့ အင်တာနက် သုံးတတ်သူတွေက ပြောကြပါတယ်။

အင်တာနက် ဆိုင်တွေကနေတဆင့် နိုင်ငံခြားကို ဆက်သွယ်ခေါ်ဆိုသူတွေများလာလို့ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း ၀င်ငွေ ထိခိုက်တယ်ဆိုပြီး အခုလို ပိတ်ဖို့ စီစဉ်လာတာလို့လည်း တချို့က ပြောကြပါတယ်။