ဝမ့်ဟိုင်း ကနေ အရပ်သားတွေ ထွက်ခွာဖို့ SSA ပြော

မြန်မာ အစိုးရ စစ်တပ်က အက်စ်အက်စ်အေ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း တပ်မဟာ (၁) ကို ဧပြီလ ၁ရက်နေ့ နောက်ဆုံးထားပြီး လက်နက်ချဖို့ ရာဇသံ ပေး လိုက်တဲ့ အတွက် ရှမ်းပြည် တောင်ပိုင်း ကျေးသီးမြို့နယ် ထဲက သူတို့ရဲ့ ဌာနချုပ် ဝမ့်ဟိုင်း နယ်မြေ အတွင်းက အရပ်သားတွေကို ဒီလ ၂၀ ရက်နေ့ နောက်ဆုံး ထားပြီး လုံခြုံမှု ရှိတဲ့နေရာကို အမြန်ဆုံး ထွက်သွားဖို့ အက်စ်အက်စ်အေက ညွန်ကြားလိုက် ပါတယ်။

ဓာတ်ပုံ မူပိုင် SHAN
Image caption ဌာနချုပ် နယ်မြေတွင်းက အရပ်သား တွေကို တိမ်းရှောင် ခိုင်းထား

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က စပြီး ထောင်နဲ့ ချီတဲ့ နအဖ စစ်သားတွေက အက်စ်အက်စ်အေ နယ်မြေ ပတ်လည်မှာ အနီးကပ် လှုပ်ရှား နေရာယူ လာကြလို့ နယ်မြေတွင်းမှာ အချိန်မရွေး ပစ်ခတ်မှု ဖြစ်ပွား လာနိုင်တယ် လို့ အက်စ်အက်စ်အေ တပ်မဟာ (၁) က စိုးရိမ် နေတာ ဖြစ်ပါတယ်။

ဒါကြောင့် အဲဒီက ဒေသခံအရပ်သားတွေ၊ တခြားမြို့က လာရောက် အလုပ် လုပ်နေကြတဲ့ အရပ်သားတွေ၊ ကုန်သည်တွေ၊ ကိုယ်ဝန် ဆောင်တွေ၊ ကလေးနဲ့ သက်ကြီး ရွယ်အို တွေကို ဘေးကင်းရာ နေရာ ဒေသ ဘက်ကို တိမ်းရှောင် ကြဖို့ ညွန်ကြား လိုက်တယ်လို့ ဝမ့်ဟိုင်း ဒေသခံ တွေက ပြောပါတယ်။

ဒါပေမဲ့ အမျိုးသားနဲ့ လူငယ်ပိုင်း တွေကိုတော့ သူတို့အဖွဲ့နဲ့ နေပြီး ရပ်ရွာ စောင့်ပေးဖို့၊ အကူ အညီ ပေးဖို့ တောင်းဆို ထားတယ်လို့ ဝမ့်ဟိုင်း ဒေသခံ တစ်ယောက်က ပြောပါတယ်။

SSA ဘက်က ညွန်ကြားမှုတွေ ထွက်လာတဲ့ အတွက် ဝမ့်ဟိုင်းရော၊ တခြား ပစ်ခတ်မှု ဖြစ်ပွား ခဲ့တဲ့နေရာက ဒေသခံတွေရော ပြီးခဲ့တဲ့ ရက်ပိုင်း ကတည်းက ထော်လာဂျီတွေ၊ ကားတွေ၊ နွားလှည်း တွေနဲ့ ပစ္စည်းတွေ တင်ပြီး နီးစပ်ရာ မြို့နယ်ကို ထွက်ခွာ သွားနေကြတယ်လို့ လည်း အဲဒီ ဒေသခံက ပြောပါတယ်။

ခရီးစရိတ်တွေ ထိုးတက်

ဒေသခံ အများစုက မိုင်းရှုးနဲ့ တောင်ကြီး ဘက်ကို သွားနေကြတာကြောင့် အခု ရက်ပိုင်း အတွင်းမှာပဲ မိုင်းရှုး-တောင်ကြီး၊ မိုင်းရှုး-လားရှိုး သွားတဲ့ ကားခတွေ လည်း တစ်ယောက် ကို ငွေကျပ် တစ်သောင်းခွဲ နီးပါးလောက်ကနေ ၃ သောင်းခွဲ လောက် အထိ စျေး နှစ်ဆ တက်သွားတယ်လို့ မိုင်းရှုး ဒေသခံ တွေက ပြော ပါတယ်။

ဒါပေမဲ့ ဒေသခံ ပြည်သူ တွေက ကားနဲ့ မဆန့်အောင် နေ့တိုင်း လိုလို အလုအယက် လာစီး နေကြတယ်လို့ သိရ ပါတယ်။

ထွက်ပြေး လာတဲ့ မိုင်းရှုးမြို့နယ် ဟိုနမ့်ရွာက စစ်ပြေးဒုက္ခသည် အမျိုးသမီး တစ်ယောက်က တော့ သူတို့ရွာကို မြန်မာ စစ်တပ်က လက်နက်နဲ့ ပစ်ခတ်လို့ ဆက် မနေရဲဘဲ ထွက်လာ ရတာလို့ ပြောပါတယ်။

တနင်္ဂနွေနေ့ ကတည်းက လက်နက်ကြီး တွေနဲ့ ဖိအားပေး တိုက်နေတဲ့ အတွက် အက်စ်အက်စ်အေရဲ့ အဓိကကျတဲ့ ခြေကုတ်စခန်းနဲ့ လုံခြုံရေးစခန်း လေးငါးခုကို မြန်မာ အစိုးရ ဘက်က သိမ်းပိုက် နိုင်ခဲ့ ပါတယ်။

ဒါ့အပြင် ရှမ်းစစ်တပ် နယ်မြေကနေ ဝ စစ်တပ် နယ်မြေထဲကို သွားတဲ့ ကားလမ်းမ အားလုံးနဲ့ ရှမ်းပြည် တပ်မတော် တောင်ပိုင်းနဲ့ ဆက်သွယ် သွားလာနိုင်တဲ့ ကားလမ်းမ အားလုံးကိုလည်း မြန်မာ စစ်တပ် ဘက်က ပိတ်ဆို့ထား တယ်လို့ သိရပါတယ်။

မြန်မာ စစ်တပ်ဘက်က သူတို့အုပ်စုကို ပြေးပေါက် မရှိအောင် အဘက်ဘက်ကနေ ပိတ်ပြီး အခု ရက်ပိုင်း အတွင်းမှာ ဖြိုခွဲမယ် ဆိုတဲ့ သတင်းတွေလည်း ရထားတယ်လို့ တပ်မဟာ (၁) က အရာရှိ တစ်ယောက် က ပြောပါတယ်။