လူမှုဖူလုံရေး ဥပဒေ မူကြမ်း ပြုစုဖို့ လွှတ်တော်က လက်ခံ

ဓာတ်ပုံ မူပိုင် bbc

နေပြည်တော်မှာ ပြည်သူ့လွှတ်တော်နဲ့အမျိုးသားလွှတ်တော် ကျင်းပနေရာမှာ ဒီကနေ့တော့ လူမှုဖူလုံရေး ဥပဒေ မူကြမ်းတခု ပြုစုဖို့ အဆိုတခုကို ပြည်သူ့လွှတ်တော်မှာ ပထမဆုံး အတည်ပြုခဲ့ပါတယ်။

လွှတ်တော်၂ ရပ်လုံးက မေးခွန်းတွေ အဆိုတွေမှာတော့ ခါတိုင်းလိုဘဲ လျှပ်စစ်မီးရဖို့၊ ပညာသင်ကြားခွင့် အစရှိတဲ့အကြောင်းတွေကို လွတ်တော်အတွင်း အင်အားနည်းတဲ့ ပါတီအမတ်တွေက တင်ပြနေခဲ့ကြရာမှာ လုံလောက်တဲ့ အဖြေမရခဲ့ကြပါဘူး။

ဒါပေမယ့် ဒီကနေ့ အလုပ်သမား လယ်သမား အစရှိတဲ့ လုပ်ငန်းတွေနဲ့ သက်ဆိုင်တဲ့ နိုင်ငံတကာ အဆင့်မှီ လူမှုဖူလုံရေး ဥပဒေမူကြမ်းတခုကို ပြုစုရေး အဆိုကို ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ မရမ်းကုန်မြို့နယ်က လွတ်တော်အမတ် ဒေါက်တာပွင့်ဆန်းက တင်သွင်းခဲ့ရာမှာ ပြည်သူ့လွှတ်တော်က ပထမဆုံး အကြိမ် လက်ခံ အတည်ပြုခဲ့ပါတယ်။

အဲဒီ အဆိုနဲ့ပတ်သက်ပြီး အလုပ်သမားဝန်ကြီး ဦးအောင်ကြည်က ဒီဥပဒေဟာ ၁၉၅၄ ခုနှစ်ကတည်းက ရှိခဲ့ပြီး မပြည့်စုံကြောင်း၊ အာဆီယံ စံနှုံးနဲ့ အညီ ရေးဆွဲဖို့လိုကြောင်း ပြောဆိုခဲ့တယ်လို့ ဒီအဆိုကို ထောက်ခံဆွေးနွေးခဲ့သူတဦးဖြစ်တဲ့ အဲန်ဒီအက်ဖ်ပါတီ အမတ် ဦးကြည်မြင့်က ပြောပြပါတယ်။

အစိုးရ သစ်ကို ဘယ်တော့ တာဝန်လွှဲပြောင်းပေးမလဲ ဆိုတာနဲ့ ပတ်သက်လို့ လွှတ်တော် အစည်းအဝေးအတွင်း ပြောဆိုခဲ့ခြင်းမရှိပေမဲ့ မတ်လ ၂၇ ရက်နဲ့ ဧပြီလ ၁ ရက်နေ့ကြား ဖြစ်နိုင်တယ်လို့ ဦးကြည်မြင့်က ပြောပါတယ်။

လွှတ်တော်အစည်းအဝေးတွေကို မနက်ဖြန်မှာ ဆက်လက်ကျင်းပမှာဖြစ်ပါတယ်။