အသေးစားတုန်လှုပ်မှုတွေ ဆက်ဖြစ်နိုင်

ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံနဲ့ တာချီလိတ်မြို့နယ်ကြားက လွယ်မွေဒေသကို ဗဟိုပြုပြီး ကြာသပတေးနေ့ညက လှုပ်ခတ်သွားတဲ့ ငလျင်ကြီးကြောင့် သေဆုံးသူ ၇၃ ယောက်ရှိတယ်လို့ အစိုးရက ကြေငြာထားပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption တာချီလိတ်မှာ အိမ်တွေလဲ ပြိုကျ

ဒါပေမယ့် ဒေသခံတွေကတော့ သေဆုံးသူ အရေအတွက်က အနဲဆုံး တရာကျော်ရှိမယ်လို့ ပြောကြပါတယ်။ အများစုကတော့ ပြိုကျတဲ့ အဆောက်အဦပိပြီး အသက်ဆုံးကြရတာပါ။

ငလျင်ဗဟိုချက်နဲ့ အနီးဆုံး ကျေးရွာတွေမှာတော့ အိမ်တွေ ပြိုကျ ပျက်စီးပြီး ကတ္တရာလမ်းတွေလဲ အလယ်ကနေ ကွဲထွက်သွားခဲ့တာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလထဲမှာလဲ တောင်တွင်းကြီး ရမည်းသင်း နဲ့ ဟုမ္မလင်းမှာ အင်အားအသင့်အတင့်ရှိတဲ့ ငလျင်တွေ တော်တော်များများ လှုပ်ခဲ့ပါသေးတယ်။ ရှမ်းပြည်နယ်ထဲမှာ အခုလောက်ပြင်းတဲ့ ငလျင်ကြီးလှုပ်နိုင်မယ်ဆိုတာကို ဖြစ်နိုင်ချေတခု အဖြစ် သိထားခဲ့ပေမယ့် ပြင်ဆင်မှုတွေတော့ လုပ်မထားနိင်ခဲ့ ပါဘူးလို့ မြန်မာနိုင်ငံငလျင်အသင်းရဲ့ အတွင်းရေးမှု ဦးစိုးသူရထွန်းက ပြောပါတယ်။

အခုလှုပ်သွားတဲ့ နေရာဟာ ရွှေတြိဂံပြတ်ရွေ့ဇုံထဲမှာပါတဲ့ နမ်းမားပြတ်ရွေ့ကြောပေါ်မှာရှိပြီး ပြတ်ရွေ့ကြောကြီးရဲ့ တော်တော်ရှည်လျားတဲ့ အစိတ်အပိုင်းတခုက ချောချောမွေ့မွေ့ ရွေ့သွားပြီ ဖြစ်တဲ့ အတွက် နောက်ထပ် ဒီထက် ဒါမှမဟုတ် ဒီလောက် ပြင်းအားရှိတဲ့ ငလျင်တခုတော့ ဆက်တိုက်လှုပ်လာဖို့ အလားအလာမရှိပါဘူးလို့ ဦးစိုးသူရထွန်းက ပြောပါတယ်။

ဒါပေမယ့် ငလျင်ကြီးတွေရဲ့ ထုံးစံအတိုင်း aftershock လို့ခေါ်တဲ့ အသေးစား လှုပ်ခတ်မှုတွေကတော့ တရက် နှစ်ရက်က တပတ်လောက်ကြာတဲ့ အထိ ဆက်ဖြစ်နေနိုင်သေးတယ်လို့ ဆိုပါတယ်။

ဒီလို အသေးစားလေးတွေက မူလ ငလျင်ကြီးကြောင့် ဖြစ်သွားတဲ့ အက်ကြောင်းတွေကို ပြိုကျသွားတဲ့ အထိဖြစ်စေနိုင်လို့ ဒေသခံတွေအနေနဲ့တော့ ဆက်ပြီး သတိထားသွားဖို့ လိုတယ်လို့ ငလျင်အသင်းအတွင်းရေးမှုး ဦးစိုးသူရထွန်းက ဘီဘီစီကို ပြောပြသွားပါတယ်။