ငလျင် ဒုက္ခသည် ကယ်ဆယ်ရေး နောက်ဆုံးအခြေအနေ

ဓာတ်ပုံ မူပိုင် Reuters
Image caption လူအားနဲ့ အပျက်အဆီးတွေအောက်မှာ ရှာဖွေ နေကြ ရပါတယ်

ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်က ငလျင်ဒဏ် အဆိုးဆုံး ခံခဲ့ရတဲ့ တာလေ၊ မိုင်းလင်းဒေသတွေမှာ အာဏာပိုင်တွေဟာ ပျက်စီးမှုအောက်က အလောင်းတွေကို ဖော်ထုတ်နေဆဲဖြစ်ပြီး၊ အတည်မပြုနိုင် သေးတဲ့ သတင်းတွေအရ သေဆုံးသူ အရေ အတွက် ၂၀၀ နီးပါး ရှိနိုင်တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

မြန်မာအစိုးရရဲ့ တရားဝင် သတင်းထုတ်ပြန် ချက် အရတော့ သေဆုံးသူ ၇၄ ဦးရှိတယ်လို့ ဆိုပါတယ်။

ငလျင်ဒဏ်ကြောင့် ဒုက္ခရောက်နေရသူတွေကိုတော့ ထိုင်းဘက်ခြမ်းက ပြည်သူတွေနဲ့ တာချီလိတ် အနီးအနား ရွာခံတွေက အဓိက ကူညီပေးနေကြပါတယ်။

ဒုက္ခသည်တွေအတွက် ပေါင်မုန့်၊ မာမားခေါက်ဆွဲနဲ့ ရေတို့ကို ငလျင်လှုပ်ခတ်ပြီးတဲ့ မနက် ကတည်းက ဒီကနေ့အထိ ကားတွေနဲ့တင်ပြီး ပို့ပေးနေတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption အိမ်ရှေ့မှာတင်ပဲ ရွက်ဖျင်တဲလေးတွေ ထိုးပြီး နေနေရဆဲ ဖြစ်ပါတယ်

အခုချိန်ထိ အဲဒီလူတွေဟာ နေစရာ၊ တည်းခို စရာတွေ မရှိသေးဘဲ သူတို့ရဲ့ ပျက်စီးယိုယွင်းတဲ့ အိမ်ရှေ့မှာတင်ပဲ ရွက်ဖျင်တဲလေးထိုးပြီး နေနေရ ဆဲလို့ သိရပါတယ်။

အာဏာပိုင်တွေ ဘက်ကတော့ အလောင်းတွေ ဖော်တာကလွဲပြီး တခြား စားသောက်စရာ တွေကို ကူညီပေးတာကို မတွေ့ရသေးဘူးလို့ မိုင်းလင်းဒေသကို ရောက်ခဲ့တဲ့ တာချီလိတ် ဒေသခံ တယောက်က ပြောပါတယ်။

အဲဒီ ဒေသခံရဲ့ ပြောပြချက်အရ အာဏာပိုင်တွေဟာ ဘေးဒုက္ခ ရောက်နေသူတွေကို ထိထိ ရောက်ရောက် ကူညီပေးနေတာ မရှိသေးသလို၊ ထိုင်းဘက်ခြမ်းက အကူအညီ လာပေးမယ့် လူတွေကိုလဲ တာချီလိတ်ထဲကို ပေးမဝင်ပဲ ပစ္စည်းတွေကို တံတားပေါ်မှာ ထားခဲ့ခိုင်းတယ်လို့ ပြောပါတယ်။

ဒါပေမယ့်လည်း ဒီနေ့ထုတ် အစိုးရ သတင်းစာတွေမှာတော့ ဒေသခံပြည်သူတွေကို အစား အသောက်တွေ၊ ဆေးဝါးပစ္စည်းတွေကို ကူညီပေးခဲ့ပြီလို့ ရေးသား ဖော်ပြထားပါတယ်။