သတင်း ဆင်ဆာတွေ လျော့မယ်လို့ ဆို

DASSK
Image caption ဒီလို သတင်းတွေတော့ ဆင်ဆာ ဆက်တင်ရဖွယ်ရှိ

မြန်မာနိုင်ငံက ဂျာနယ် မဂ္ဂဇင်းတွေအနေနဲ့ နိုင်ငံရေးနဲ့မဆိုင်တဲ့ သတင်းအများအပြား မှာ အစိုးရဆင်ဆာအဖွဲ့ဆီကို အရင် တင်စရာ မလိုပဲ ထုတ်ဝေခွင့် ပေးတော့မယ် လို့ သိရပါတယ်။

မကြာခင်ဖွဲ့မယ့် အစိုးရသစ်လက်ထက်မှာ စာနယ်ဇင်းတွေအနေနဲ့ အနုပညာ သုတရသ၊ အားကစား၊ ကျန်းမာရေး၊ ကလေး၊ ဂမ္ဘီရ နဲ့ နည်းပညာ စတဲ့ ကဏ္ဍခြောက်ခုက သတင်းတွေ ကို အစိုးရ ဆင်ဆာအဖွဲ့ဆီကို တင်စရာမလိုပဲ ထုတ်ခွင့်ပေးမယ်လို့ မြန်မာနိုင်ငံ စာပေနဲ့ စာနယ်ဇင်းအဖွဲ့က အတွင်းရေးမှူး ဦးကိုကို (စက်မှု) က ဘီဘီစီကို ပြောပါတယ်။

ဒီအကြောင်းအရာတွေနဲ့ဆိုင်တဲ့ ဝတ္ထု၊ ရုပ်ပြ၊ ပုံပြင် တွေလည်း စိစစ်ရေး အရင် တင်စရာမလိုပဲ ခွင့်ပြုမယ်လို့ ဦးကိုကိုက ပြောပါတယ်။

ဒါပေမယ့် ပုံနှိပ်ပြီးတဲ့အချိန်မှာတော့ စာစောင် စာအုပ်တွေကို စိစစ်ရေးကို တင်ပြရမယ်လို့ ဆိုပါတယ်။

အဲဒီလို တင်ပြတဲ့အခါ အစိုးရဘက်က ခွင့်မပြုနိုင်ဘူးဆိုရင် ဘယ်လို လုပ်ဆောင်မယ် ဆိုတာ မသိရသေးပေမယ့် အရေးယူနိုင်ကောင်း ယူလိမ့်မယ်လို့ ဦးကိုကိုက ပြောပါတယ်။

ဒါဟာ ကောင်းတဲ့လက္ခဏာတစ်ခုအဖြစ် မြင်တဲ့အကြောင်းလည်း သူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဂျာနယ်ပေါင်း ၁၇၀ ကျော် နဲ့ မဂ္ဂဇင်း ၁၈၀ ကျော်ရှိပါတယ်။

နယ်စည်းမခြားသတင်းထောက်များအဖွဲ့က ထုတ်ပြန်တဲ့ ၂၀၁၀ အတွင်း သတင်းလွတ်လပ် ခွင့် အရှိဆုံးနိုင်ငံများ စာရင်းမှာတော့ မြန်မာနိုင်ငံဟာ နိုင်ငံ ၁၇၈ နိုင်ငံထဲမှာ နံပါတ် ၁၇၄ နိုင်ငံမြောက်နေရာမှာ ရှိပါတယ်။