ယူကေ အစိုးရရဲ့ မြန်မာ့လူ့အခွင့်အရေး အစီရင်ခံစာ

William Hague with report ဓာတ်ပုံ မူပိုင် FCO
Image caption နိုင်ငံခြားရေးဝန်ကြီး ဝီလျံဟိဂ် ဟာ မြန်မာ့အရေးကို စိတ်ဝင်စားသူဖြစ်

မြန်မာနိုင်ငံမှာ ၂၀၁၀ခုနှစ်အတွင်း အနှစ် ၂၀ မှာ ပထမဆုံးဖြစ်တဲ့ ရွေးကောက်ပွဲ ကျင်းပတာခဲ့တာ၊ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်က လွှတ်ပေးခဲ့တာတွေ ရှိခဲ့ပေမဲ့ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက် ကောင်းမွန် လာခြင်း မရှိသလို စစ်အစိုးရရဲ့ အာဏာ ချုပ်ကိုင်မှု ကလည်း လျော့ပါး လာခြင်း မရှိဘူးလို့ ဗြိတိသျှ အစိုးရ နိုင်ငံခြားရေး ဌာနက ကြာသပတေးနေ့က ထုတ်ပြန်တဲ့ ၂၀၁၀ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဆိုင်ရာ အစီရင်ခံစာမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ နာမည်ခံ အရပ်သား အစိုးရ ဖန်တီးခဲ့ပေမဲ့ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက် ကောင်းမွန်လာဦးမဲ့ ပုံ မရှိဘူး။ လွတ်တော်သစ် အတွင်း မှာလည်း ဒီမိုကရက်တစ်နဲ့ တိုင်းရင်းသား အတိုက်အခံပါတီတွေ အနည်းအကျဉ်းသာ ပါခဲ့တယ်၊ စစ်မှန်တဲ့ ဒီမိုကရေစီ ပြောင်းလဲရေးကို ဦးတည်မဲ့ အနေအထား မတွေ့ရသလို လူ့အခွင့်အရေး အခြေအနေတွေ ပိုတောင် ဆိုးလာနိုင်တယ်လို့ ဗြိတိသျှအစိုးရရဲ့ အစီရင်ခံစာမှာ ရေးသားထားပါတယ်။

၂၀၁၀ခုနှစ်အတွင်း ဗြိတိသျှအစိုးရအနေနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်လို့ စိုးရိမ်မှုကို မြန်မာအာဏာပိုင်တွေနဲ့ မြန်မာ့အိမ်နီးချင်း နိုင်ငံတွေကို ဖေါ်ပြနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တခြားနိုင်ငံခေါင်းဆောင်တွေနဲ့ ဆွေးနွေး

မြန်မာနိုင်ငံအခြေအနေတွေကို ဗြိတိသျှဝန်ကြီးချုပ် David Cameron ဟာ အိန္ဒိယ၊ တရုတ် ဝန်ကြီးချုပ်တွေနဲ့ တိုက်ရိုက် ပြောဆိုဆွေးနွေးနိုင်ခဲ့ပြီး ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး William Hague ကလည်းကမ္ဘာ့ နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။

လက်ရှိ ဗြိတိသျှအစိုးရ ရဲ့ လုပ်ဆောင်ချက်တွေနဲ့ပတ်သက်လို့ မြန်မာအရေး လှုပ်ရှားဆောင်ရွက်နေတဲ့ Burma Campaign UK ရဲ့ ဒါရိုက်တာ Mark Farmaner က အခုလက်ရှိ ဗြိတိသျှ ညွန့်ပေါင်းအစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီ လှုပ်ရှားမှုကို ထောက်ခံ အားပေးခဲ့တဲ့ ဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းရဲ့ အရင် လေဘာအစိုးရ ထက်တောင် မြန်မာ့ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး ကိစ္စတွေကို ပိုပြီး လုပ်နေပါတယ်လို့ ဆိုပါတယ်။

ဥရောပသမဂ္ဂမှာ ဂျာမဏီ၊ အီတလီတို့က ရွေးကောက်ပွဲကို ထောက်ခံချင် နေကြတာကို ဗြိတိသျှအစိုးရက မားမားရပ်ပြီး ဥရောပသမဂ္ဂအနေနဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်လာအောင် လုပ်နိုင်ခဲ့တယ်။

နောက်ပြီး ဥရောပ သမဂ္ဂအနေနဲ့ မြန်မာစစ်အစိုးရ အပေါ် ချထားတဲ့ ပြင်းထန်တဲ့ ဒဏ်ခတ် အရေးယူမှုတွေကို မရုတ်သိမ်းဘဲ ဆက်ပြီးထားဖို့ အခု ညွန့်ပေါင်းအစိုးရက ကြိုးစား လုပ်ခဲ့တာ တွေ့ရပါတယ်။

နိုဝင်ဘာလက ကုလသမဂ္ဂ အထွေထွေညီလာခံမှာလည်း မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖေါက်မှုတွေနဲ့ ပတ်သက်လို့ အပြင်းထန်ဆုံး အပြည့်စုံဆုံး ဆုံးဖြတ်ချက် ကျအောင် လုပ်နိုင်ခဲ့တယ်။

တိုင်းရင်းသားဒေသတွေမှာ စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုဖေါက်မှုတွေရှိနေတဲ့အတွက် အရပ်သားတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးရေးနဲ့ ပတ်သက်လို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဗြိတိသျှအစိုးရက ဆွေးနွေးတင်ပြခဲ့တယ်လို့ Mark Farmaner ကဆိုပါတယ်။

လူထုအခြေပြုအဖွဲ့တွေကို ထောက်ပံ့နေ

ဗြိတိသျှအစိုးရက လူ့အခွင့်အရေး အသိပညာပေးမှုမှာ Civil Society လူထုအခြေပြု အဖွဲ့တွေဟာ အဓိက အခန်းကဏ္ဍက ပါတဲ့အတွက် အစိုးရရဲ့ DFID လို့ခေါ်တဲ့ နိုင်ငံတကာဖွံဖြိုးရေးဆိုင်ရာ ဌာနက မြန်မာလူထုအတွက် ထောက်ပံ့ရေး အစီအစဉ်တွေ ဆက်ပြီး တိုးချဲ့နေတယ်လို့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ Mark Farmaner ကတော့ ဒီဖစ်အနေနဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး လှုပ်ရှားနေသူတွေကိုပါ ထောက်ပံ့သင့်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး မှတ်တမ်းတွေကို ဗြိတိသျှအစိုးရ အနေနဲ့ မပြတ်စောင့်ကြည့်နေပြီး သုံးလ တစ်ကြိမ် အစီရင်ခံစာတွေ ထုတ်ပြန်သွားမယ်လို့လဲ နိုင်ငံခြားရေး ဌာနက ပြောပါတယ်။