ကရင်လူမျိုးစု ဂျာမဏီအစည်းအဝေး

karen

ဂျာမဏီနိုင်ငံရှိ ကရင်တိုင်းရင်းသား လူမျိုး အသိုင်းအဝိုင်း က ဦးစီးပြီး လွတ်လပ်ရေးနဲ့ ငြိမ်းချမ်းရေး အတွက် အချိန်တန်ပြီ ဆိုတဲ့ ခေါင်းစဉ် နဲ့ ဖရင့်ဖတ် မြို့မှာ တွေ့ဆုံဆွေးနွေးပွဲ တရပ် ကျင်းပကြပါတယ်။

ဧပြီလ ၂ ရက်နေ့မှာ ဉရောပ ရောက် ကရင်တိုင်းရင်းသားတွေ ချည်း တွေ့ဆုံပြီး ကရင်တော်လှန်ရေး ကို ပြန်လည် သုံးသပ်ကြောင်း၊ ဧပြီလ ၃ ရက်နေ့မှာတော့ ဗမာ အပါအဝင် တခြား လူမျိုးစုတွေနဲ့ ပါ မြန်မာ့ နိုင်ငံရေး ခေတ် အဆက်ဆက် သုံးသပ် ဆွေးနွေးကြတဲ့ အကြောင်း ဂျာမဏီ ကရင်တိုင်းရင်းသား လူမျိုး အသိုင်းအဝိုင်း ရဲ့ ဉက္ကဌ မန်းအောင်လွင်က ဘီဘီစီ ကိုပြောပြပါတယ်။

စစ်အစိုးရ ခေတ်အဆက်ဆက် ကရင်တိုင်းရင်းသားတွေ အပါအဝင် တခြားတိုင်းရင်းသား တွေ ရော ဗမာတွေပါ လူ့အခွင့်အရေး ချိုးဖေါက်မှု တွေ၊ ရက်စက်မှု တွေ ခံခဲ့ရလို့ စစ်အစိုးရ ပြုတ်ကျမှသာ မြန်မာ့ နိုင်ငံရေးပြဿနာ ပြေလည်မယ်လို့ ယုံကြည်ကြောင်း၊ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ နဲ့ တက်လာတဲ့ အစိုးရသစ် ကလဲ ၁၉၇၄ ခု နှစ်က အတိုင်း စစ်ဗိုလ်ချုပ် တွေလိုပဲ အရပ်ဝတ် လဲ ပြီး၊ ဆက်လက် အုပ်ချုပ်ကြမှာ ဖြစ်လို့ မြန်မာ့ အရေး တိုးတက်ကောင်းမွန် လာစရာ မမြင်ပုံ ကို မန်းအောင်လွင် က ရှင်းပြပါသေးတယ်။

လက်နက်ကိုင် တိုက်ပွဲတွေ နဲ့ ပတ်သက်လို့ တော့ လတ်တလော အီဂျစ်၊ လစ်ဗျား စတဲ့ နိုင်ငံတွေ အရေးကိစ္စ လဲ လေ့လာ ဆွေးနွေးကြကြောင်း ဘီဘီစီ ကို မန်းအောင်လွင် က ပြောပြပါတယ်။