အန်အယ်လ်ဒီလူငယ်တွေကို ကူညီသူ စစ်ဆေးခံနေရ

Image caption အန်အယ်လ်ဒီလူငယ်တွေ ဦးဆောင်တဲ့ သွေးလှူ တန်းရေးအဖွဲ့ဝင် တသောင်းကျော်ရှိ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်တွေ ဦးဆောင်တဲ့ သွေးအကူအညီပေးရေးအဖွဲ့ ကို ပူးပေါင်းကူညီနေတဲ့ တောင်ဒဂုံမြို့နယ် ၁၉ ရပ်ကွက် စည်ပင်လမ်းက အငြိမ်းစား ဗိုလ်ကြီးဟောင်း ကိုနေမျိုးဇင်ကို မနေ့ည နေပိုင်းက အာဏာပိုင်တွေကနေ မေးမြန်း စရာရှိလို့ ဆိုပြီး ခေါ်သွားတာ တနင်္ဂနွေ ညနေပိုင်းထိ အိမ်ပြန်မရောက်သေးဘူးလို့ သိရပါတယ်။

ဧပြီ၂ရက်နေ့ ညနေ ၅ နာရီ လောက်က အန်အယ်လ်ဒီလူငယ်တွေနဲ့ သာမန်အရပ်သားတွေ ပူးပေါင်းဖွဲ့စည်းထားတဲ့ သွေးအကူအညီပေးရေး အဖွဲ့ဝင်တွေဟာ သွေးလှူသွားမလို့ စောင့်နေစဉ်မှာ သူတို့အဖွဲ့ကို အကူအညီပေးနေတဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို အထူး သတင်းရဲ တပ်ဖွဲ့ကနေ မေးစရာရှိလို့ဆိုပြီး ခေါ်သွားခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့မနက်အစောပိုင်း ကိုနေမျိုးဇင်နဲ့ ဖုန်းအဆက်အသွယ်ရတဲ့အချိန်မှာတော့ သူဟာ အောင်သပြေ စစ်ကြောရေးစခန်းမှာ ရောက်နေကြောင်းနဲ့ နောက်ပိုင်း ဆက်သွယ်မရတော့ ကြောင်း၊ အန်အယ်လ်ဒီသွေးအကူအညီပေးရေး ခေါင်းဆောင်တယောက်ဖြစ်တဲ့ ကိုညီညီက ဘီဘီစီကိုပြောပြပါတယ်။

မနက်ခင်းပိုင်းမှာတော့ တောင်ဒဂုံစခန်းမှူး ဦးရွှေလေးနဲ့ နယ်မြေခံ မယကနဲ့ရယက တာဝန် ရှိသူတွေက ကိုနေမျိုးဇင်နဲ့ ပါသွားတဲ့ ကားနဲ့ ပစ္စည်းတွေကို မိသားစုကို ပြန်လာပေး တယ်လို့ သိရပါတယ်။

သူတို့ကိုမေးကြည့်တော့ မေးစရာရှိလို့ခေါ်ထားတာပါ ဆိုတာက လွဲလို့ တခြားခိုင်လုံတဲ့ အကြောင်းပြချက်မပေးတဲ့အတွက် ဘာကြောင့် ဒီလိုခေါ်ယူ စစ်ဆေးနေတယ်ဆိုတာ စဉ်းစား လို့ မရတဲ့အကြောင်း ကိုညီညီဆက်ပြောပြပါတယ်။

အသက် ၃၆ နှစ်အရွယ် ကိုနေမျိုးဇင်ဟာ ၂၀၀၇ ခုနှစ်က တပ်မတော်က အငြိမ်းစားယူခဲ့တဲ့ ဗိုလ်ကြီးဟောင်းဖြစ်ပြီး ၂၀၀၉ နှစ်ကုန်ပိုင်းက အန်အယ်လ်ဒီ လူငယ်တွေ လုပ်ဆောင်နေတဲ့ သွေးအကူအညီပေးရေးအပါဝင် လူမူရေးလုပ်ငန်းတွေကို တစိုက်မတ်မတ် ကူညီခဲ့သူတဦး ဖြစ်တယ်လို့ သိရပါတယ်။

အန်အယ်လ်ဒီလူငယ်တွေနဲ့ သာမာန်အရပ်သားတွေပါပါ၀င်တဲ့ သွေးလှူတန်းနေတဲ့အဖွဲ့ဟာ ဒေါ်အောင်ဆန်းစုကြည်နေအိမ်အကျယ်ချုပ်က လွတ်လာပြီးတဲ့နောက်ပိုင်း၊ သွေးလှူတန်း မှုတွေကို ပြည်နယ်တိုင်း အတော်များများမှာ လုပ်ဆောင်ခဲ့ကြပြီး အဖွဲ့ဝင်ပေါင်း တသောင်း ကျော် ရှိတယ်လို့ သိရပါတယ်။