ဧရာဝတီတိုင်းမှာ ရေချိုရှားပါး

water_day
Image caption ဧရာဝတီတိုင်းမှာ ရေရှားပါး

ခြောက်သွေ့ရာသီ အတွင်းမှာ ရေချို ရှားပါးမှု ကို ကြိုတင်ကာကွယ် တဲ့ အနေနဲ့ ဧရာဝတီတိုင်းအတွင်းက ဒေသတချို့မှာ ပြည်ပထောက်ပံ့ငွေ နဲ့ ၂ဝ၁ဝ ခု ကစလို့ သောက်သုံးရေ ရရှိရေး ကို မင်္ဂလာမြန်မာ အဖွဲ့က စတင် ဆောင်ရွက် ပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ်ကဆိုရင် ရေတွင်းပေါင်း ( ရဝ ) တူးဖေါ်နိုင်ခဲ့ ကြောင်း၊ ဒီနှစ် အတွက် လျာထားချက် အရ ရေတွင်း ( ၁၆ဝ ) ကျော် အနက်၊ ပထမ ဆုံး အနေနဲ့ ဖျာပုံမြို့နယ် အတွင်းက ကျေးရွာပေါင်း ( ၆ဝ ) မှာ စတင်တူးဖေါ် နေကြောင်း မင်္ဂလာမြန်မာ မှ ဒေါက်တာဖုန်းဝင်းက ဘီဘီစီ ကို ပြောပါတယ်။

အထူးသဖြင့် ရေတွင်း ရေကန် မရှိတဲ့ ကျေးရွာတွေမှာ ရေတွင်းတွေကို ဦးစားပေး တူးရာမှာလဲ ပြည်ပ ထောက်ပံ့ငွေ ပေါ် မူတည်ကြောင်း လဲ သိရပါတယ်။ ဒီအခါမှာ သဘာဝ ဘေးအန္တရာယ် ကျရောက်တဲ့ နာဂစ် မုန်တိုင်းဒဏ်ခံ ဧရာဝတီ တိုင်းအတွင်းမှ ရွာတွေကို ရေချို ရေတွင်းတွေ တူးပေးရတာပါ။

မန္တလေးတိုင်း နဲ့ မကွေးတိုင်း တို့မှာလဲ ရေရှားပါးပေမဲ့ ပြည်ပ ထောက်ပံ့ငွေ ကို အမေရိကန် နဲ့ သြစတြေလျ နိုင်ငံတွေဆီ တောင်းခံထားကြောင်း၊ ဒေါက်တာဖုန်းဝင်းက ဘီဘီစီ ကို ရှင်းပြပါတယ်။