ဦးသိန်းစိန် မိန့်ခွန်းအတိုင်း လုပ်ပေးဖို့ NLD စာရေး

u win tin
Image caption သမ္မတသစ်မိန့်ခွန်းဟာ အမျိုးသား သင့်မြတ် ရေး မိန့်ခွန်း မဟုတ်ဘူးလို့ ဦးဝင်းတင် ယူဆ

သမ္မတသစ် အဖြစ် ကျမ်းသစ္စာ ခံယူတဲ့ နေ့က ပြည်သူတွေကို ဦးသိန်းစိန် ပေးခဲ့တဲ့ ကတိတွေ အတိုင်း လိုက်နာ ဆောင်ရွက်ဖို့ ဦးသိန်းစိန်ကို NLD အမျိုးသား ဒီမိုကရေ စီ အဖွဲ့ချုပ်က ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ စာရေး တိုက်တွန်းလိုက်ပါတယ်။

သမ္မသစ်က သူ့မိန့်ခွန်းထဲမှာ ကောင်းမွန်သော အစိုးရ၊ သန့်ရှင်းသော အစိုးရ ဖြစ်အောင် လုပ်မယ် ဆိုတဲ့ အချက်တွေ အပါအဝင် တရားရေး မဏ္ဍိုင် ခိုင်မာရေး၊ တရား ဥပဒေ စိုးမိုးရေး၊ စျေးကွက် စီးပွားရေး စနစ် တည်ထောင်ရေးနဲ့ အလုပ်သမားအရေး၊ လယ်သမား အရေးတွေ ဆောင်ရွက်ပေးမယ် ဆိုပြီး ပြောထားတဲ့အတွက် အဲဒီအတိုင်း လက်တွေ့ ဆောင်ရွက်ပေးဖို့ အခုလို စာရေး တိုက်တွန်းခဲ့တာလို့ NLD ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်က ဘီဘီစီကို ပြောပါတယ်။

နောက်တစ်ခုက NLD အနေနဲ့ အစိုးသစ်ကို လုံးဝ ကျောခိုင်း ဆန့်ကျင်နေတာ မဟုတ် ကြောင်းနဲ့ အစိုးရသစ်ရဲ့ ကမ်းလှမ်းချက် အခြေအနေတွေအပေါ် NLD အနေနဲ့ တုန့်ပြန်သွားမယ် ဆိုတာကို ပြသလိုတဲ့အနေနဲ့ သမ္မသစ်ထံ အခုလို စာရေး ဆက်သွယ်ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

ဦးသိန်းစိန်ရဲ့ မိန့်ခွန်းထဲမှာ အခြေခံ ဥပဒေအတိုင်း လိုက်နာပြီး လွှတ်တော်ထဲ ပါဝင်လာမဲ့ ဘယ်ပါတီ အင်အားစု၊ ဘယ်အရပ်ဖက် အဖွဲ့အစည်းနဲ့မဆို အစိုးရသစ်က ပူးပေါင်း ဆောင်ရွက် သွားမယ်လို့ ပြောသွားတာဟာ အမျိုးသားရေး ပြန်လည် သင့်မြတ်ရေးအတွက် ကမ်းလှမ်းတာလို့ သူ့အနေနဲ့ မယူဆကြောင်းလည်း ဦးဝင်းတင်က ပြောပါတယ်။

NLD ဖက်က သဘောထားကတော့ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ပဲ ဖြေရှင်း လိုကြောင်း၊ NLDနဲ့ တိုင်းရင်းသား အဖွဲ့အစည်း တချို့ဟာ တရားဝင် အဖွဲ့အစည်း မဟုတ်တဲ့ အနေနဲ့ ရပ်တည်နေရတာဟာ ဒီမိုကရေစီ ပြဿနာဖြစ်ပြီး နိုင်ငံရေး အကျဉ်းသား နှစ်ထောင်ကျော် အထိန်းသိမ်း ခံနေရဆဲဖြစ်တဲ့ လူ့အခွင့်အရေး ပြဿနာတွေ ကိုလည်း အစိုးရသစ် အနေနဲ့ ဖြေရှင်းဖို့ လိုကြောင်း ပြောပါတယ်။

ဒါ့အပြင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ပြည်တွင်းစစ် ဖြစ်နေတဲ့ အခြေအနေ တွေဟာ အမျိုးသားရေး ပြန်လည် သင့်မြတ်ရေးအတွက် အလွန် ခက်ခဲတဲ့ အနေအထားတွေ ဖြစ်ပြီး ဒီအနေအထားတွေကို ဖြေရှင်းဖို့ လိုတယ်လို့ NLD က သဘောထားကြောင်း ဦးဝင်းတင်က ဘီဘီစီကို ပြောပါတယ်။