နိုင်ငံရေး အကျဉ်းသား လွှတ်ဖို့ ဒဂုန်တာရာ တောင်းဆို

Dagon Taryar with Aung San Suu Kyi ဓာတ်ပုံ မူပိုင် Dagon Taryar
Image caption ဆရာကြီး ဒဂုန်တာရာကို ဒေါ်အောင်ဆန်း စုကြည် နဲ့ အတူ တွေ့ရစဉ်

မြန်မာ နိုင်ငံမှာ အရပ်သား အစိုးရ ပေါ်ပေါက် လာခဲ့ပြီးတဲ့ နောက် အကျဉ်းသားတွေ ကို ပြန်လွှတ်ပေးလိမ့်မယ် ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ စောင့်မျှော် ခဲ့ကြပေမဲ့ မြန်မာ နှစ်ဆန်း တစ်ရက်နေ့ ကျော်လွန် သွားတဲ့ အထိ လွှတ်မပေးသေး ပါဘူး။

ပြည်တွင်း ပြည်ပမှာ နိုင်ငံရေး အကျဉ်းသား တွေကို လွှတ်ပေးဖို့ တောင်းဆို သံတွေ ရှိနေချိန်မှာ အခုတော့ အသက် ၉၂ နှစ် အရွယ် ပြည်တွင်းက ဝါရင့် ကဗျာ ဆရာနဲ့ နိုင်ငံရေး သမားကြီး ဒဂုန် တာရာ က လည်း တောင်းဆိုလိုက် ပါတယ်။

ဆရာကြီး ဒဂုန် တာရာက နိုင်ငံရေး အကျဉ်းသား တွေဟာ ပြစ်ဒဏ်တွေ နှစ်ရှည်ကျခံနေကြရတာ ဖြစ်ပြီး အခု တက်လာတဲ့ အစိုးရဟာ ရွေးကောက် တင်မြှောက်ခံရပြီး တက်လာတဲ့ အစိုးရ ဖြစ်တာ ကြောင့် နိုင်ငံရေး အကျဉ်းသား တွေကို ဆက်လက် ဖမ်းဆီး ထားမယ် ဆိုရင် ဒီမိုကရေစီ သဘော တရားနဲ့ ဆန့်ကျင် နေတာကြောင့် လွှတ်ပေးဖို့ တောင်းပန်တာ ဖြစ်တယ် လို့ ဘီဘီစီကို ပြောပါတယ်။

ဆရာကြီး ဒဂုန် တာရာဟာ လက်ရှိ အသက် ထင်ရှား ရှိနေကြတဲ့ စာရေး ဆရာတွေထဲ မှာရော နိုင်ငံရေး သမားကြီးတွေထဲမှာပါ ဝါအရင့်ဆုံးလို့ ပြောရမယ့် ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။

သူက မြန်မာ အစိုးရနဲ့ အတိုက်အခံ တွေ ကြားမှာ ကြားဝင် စေ့စပ်ပေးဖို့ ဆန္ဒရှိတယ်လို့ လည်း ဆရာကြီးက ပြောပါတယ်။ သူ့ အပေါ် အစိုးရက ဂရုစိုက်မှု ရှိမရှိ ဆိုတာလည်း စမ်းသပ် သိရှိလိုတဲ့ အတွက် အခုလို နိုင်ငံရေး အကျဉ်းသား တွေကို လွှတ်ပေးဖို့ တောင်းဆိုတာ ဖြစ်တယ်လို့ ဒဂုန် တာရာက ဆိုပါတယ်။

ဒီလို လွှတ်ပေး မှသာ ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲ ဆိုတာ ကလည်း အဓိပ္ပါယ် ပိုရှိမယ်လို့ လည်း ပြောပါတယ်။

ဆရာကြီး ဒဂုန် တာရာက သူဟာ ငြိမ်းချမ်းရေးကို လိုလားသူ တစ်ယောက်ဖြစ်တာ မို့ လူထု ကိုယ်စား တောင်းဆိုပေးတာ ဖြစ်တယ်၊ အစိုးရသစ်ဟာ စိတ်ထားတွေ ပြောင်းသွားစေချင်တယ်၊ နိုင်ငံတော်ကို အများ ပြည်သူကို ကိုယ်စား ပြုတဲ့ နိုင်ငံ အဖြစ် ဖော်ဆောင် ပေးလိမ့်မယ်လို့ မျှော်လင့် ကြောင်းလည်း ပြောပါတယ်။