အာဆီယံ ဥက္ကဌ ဖြစ်ဖို့ မြန်မာ အစိုးရ ကြိုးပမ်း

U Thein Sein ဓာတ်ပုံ မူပိုင် REUTERS
Image caption အရပ်သား အစိုးရအဖွဲ့မှာ ဦးသိန်းစိန်က သမ္မတ ရာထူး လွှဲပြောင်းယူ

အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေက အလှည့်ကျ စနစ်နဲ့ အာဆီယံ ဥက္ကဌ တာဝန်ယူလေ့ ရှိကြရာမှာ မြန်မာအစိုးရ အနေနဲ့ ၂၀၁၄ ခုနှစ် ကျရင် အာဆီယံ ဥက္ကဌ တာဝန် ယူမယ့် အကြောင်း သမ္မတ ဦးသိန်းစိန် က အာဆီယံ ကို အကြောင်း ကြားထား ပါတယ်။

အရင် စစ်အစိုးရ လက်ထက်တုန်းကတော့ နိုင်ငံတကာ အသိုင်းအဝိုင်းက ကန့်ကွက် ကြတဲ့ အတွက် မြန်မာ အစိုးရ အာဆီယံ ဥက္ကဌ တာဝန် ယူရေးကို အာဆီယံ ဘက်ကလည်း ရွှေ့ဆိုင်း ထားပါတယ်။

အခု အရပ်သား အစိုးရ ပုံစံ ဖြစ်လာပြီ ဆိုတော့ ၂၀၁၄ မှာ အာဆီယံ ဥက္ကဌ အဖြစ် မြန်မာ အစိုးရက တာဝန်ယူရေး ကိစ္စကို တားနိုင်စွမ်း သိပ်မရှိတော့ဘူးလို့ ယူဆစရာ ဖြစ်လာ ပါတယ်။

ဒါပေမဲ့ အာဆီယံ နိုင်ငံတွေ အတွင်း မြန်မာ့ အရေး အတွက် စုဖွဲ့ထားကြတဲ့ အာဆီယံ အမတ်များ အဖွဲ့ AIPMC ကတော့ မြန်မာ အစိုးရ အနေနဲ့ အာဆီယံ ဥက္ကဌ တာဝန် ရဘို့ သိပ်မဖြစ်နိုင် ဘူး လို့ မြင် ပါတယ်။

မြန်မာ နိုင်ငံရဲ့ ရွေးကောက်ပွဲ နဲ့ ပါလီမန်က ဒီမိုကရေစီနည်း ကျတယ် လို့ မပြောနိုင် ကြောင်းနဲ့ ဒေါ်အောင်ဆန်း စုကြည် ဦးဆောင် တဲ့ အတိုက်အခံ အင်အားစု တွေကို မြန်မာ့ နိုင်ငံရေး ပြောင်းလဲမှု ဖြစ်စဉ်ထဲ မပါဝင် နိုင်အောင် လုပ်ထားတဲ့ အတွက် မြန်မာနိုင်ငံ ရဲ့ ဒီမိုကရေစီ ယာ ဘယ်လိုမှ စစ်မှန် တယ် လို့ မဆိုနိုင်ကြောင်း အင်ဒိုနီးရှား ပါလီမန် အမတ် လည်းဖြစ် AIPMC ရဲ့ ဥက္ကဌ လည်း ဖြစ်တဲ့ မစ္စစ် အီဗာ မာကူ ဆူလာရီ က ဘီဘီစီကို ပြောပါတယ်။

ဒါပေမဲ့လည်း မြန်မာနိုင်ငံအပေါ် နိုင်ငံတကာရဲ့ ပိတ်ဆို့ အရေးယူထားမှုတွေကို ပြန်ရုတ်သိမ်း ပေးဖို့ အာဆီယံက တောင်းဆို ပေးနေချိန်မျိုးမှာ မြန်မာအစိုးရ အာဆီယံ ဥက္ကဌ တာဝန်ယူရေး ကိစ္စကို အာဆီယံက ကြိုဆိုမဲ့ အနေအထားမျိုး ရှိလာနိုင်တာနဲ့ ပတ်သက်လို့ မစ္စစ် အီဗာ မာကူ ဆူလာရီ က မြန်မာ အစိုးရနဲ့ တသဘောတည်းလို ဖြစ်နေတဲ့ ကမ္ဘောဒီးယား၊ ထိုင်း စတဲ့ နိုင်ငံမျိုးတွေ ရှိပေမယ့် ဖိလစ်ပိုင်၊ အင်ဒိုနီးရှားလို နိုင်ငံမျိုးတွေ ကလည်း ဒီကိစ္စကို ကန့်ကွက်နိုင်ပြီး အာဆီယံဟာ ပါဝင် ပတ်သက် နေတဲ့ နိုင်ငံတွေရဲ့ သဘောကို ကြည့်ပြီး ဆုံးဖြတ်ရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

မြန်မာ အစိုးရ ဘက် ကတော့ လာမယ့် မေလ ၇ ရက်နဲ့ ၈ ရက်နေ့ကျရင် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ မှာ လုပ်မယ့် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲမှာ ဒီကိစ္စနဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက် ကျစေချင်နေပေမယ့် ဒီအရေး ကို အဲဒီ ဆွေးနွေးပွဲမှာ ဆွေးနွေးဖြစ်မလား ဆိုတာ ကိုတော့ အတိအကျ မသိရသေးပါဘူး။