ပြည်ပ ကုန်သွယ်မှု တန်ဖိုး တိုးမြင့်
မြန်မာ နိုင်ငံမှာ ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ် အတွက် သွင်းကုန် ထုန်ကုန် အပါအဝင် နိုင်ငံခြား ကုန်သွယ်မှု တန်ဖိုးဟာ ပြီးခဲ့တဲ့နှစ်ထက် အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၅ဝဝ တိုးမြင့် ခဲ့တယ်လို့ စီပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန စာရင်း ဇယားကို ကိုးကားပြီး MRTV4 ရုပ်မြင် သံကြားက ထုတ်လွှင့်သွားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, bbc
ပဲ အမျိုးမျိုးဟာ မြန်မာ့ ဒုတိယ အများဆုံး ပို့ကုန်ဖြစ်
ဘတ်ဂျက်နှစ် ၂ဝ၁ဝ-၂ဝ၁၁ ပြီးခဲ့တဲ့နှစ်မှာ သွင်းကုန် ပို့ကုန် တန်ဖိုး အားလုံး အမေရိကန်ဒေါ်လာ သန်း ၁၄၃ဝဝ ကျော်ရှိပြီး လွန်ခဲ့တဲ့ နှစ်ကတော့ သန်းပေါင်း ၁၁၈ဝဝ နီးပါးရှိခဲ့ပါတယ်။ ဒါကြောင့်မို့ တန်ဖိုး အားဖြင့် သန်းပေါင်း ၂၅ဝဝ ကျော်မြင့်တက် လာတာ ဖြစ်ပါတယ်။
တင်ပို့ကုန် တန်ဖိုးရဲ့ ထက်ဝက်ကျော်က သဘာဝဓါတ်ငွေ့ ဖြစ်ပါတယ်၊ ပဲအမျိုးမျိုးက ဒုတိယ ဖြစ်ပြီး အထည်ချုပ်နဲ့ သစ်ထွက် ပစ္စည်းတွေလည်း ပါဝင် ပါတယ်။
တင်သွင်းကုန် ကတော့ လောင်စာ ဆီနဲ့ စက်ပစ္စည်း တွေက များပါတယ်။
ကုန်သွယ်မှု ပိုများလာတဲ့ သန်းပေါင်း ၂၅ဝဝ ထဲမှာ ပို့ကုန်က သန်းပေါင်း ၈ဝဝ ကျော်ရှိပြီး တင်သွင်းကုန် တန်ဖိုးက သန်းပေါင်း ၁၇ဝဝ ကျော်ရှိတဲ့ အတွက် တင်သွင်းရတဲ့ တန်ဖိုးက နှစ်ဆလောက် များနေတာ တွေ့ရပါတယ်။
ပြည်ပနဲ့ ကုန်သွယ်မှုမှာ မြန်မာ နိုင်ငံ ဘက်က ရောင်းတာနည်းပြီး ဝယ်တာများ ပေမဲ့ ဒါဟာ နိုင်ငံတကာနဲ့ အရောင်းအဝယ် ပိုများလာ တာ ဖြစ်တဲ့ အတွက် စီးပွားရေး တိုးတက်မှု ရှိတယ်လို့ ရန်ကုန်မြို့က စီးပွားရေး ပညာရှင် ဦးမော်သန်းက ပြောပါတယ်။
သွင်းကုန်တွေ ပိုများ လာတာနဲ့ ပတ်သက်လို့ စားသုံးမှု ရှုထောင့်က ကြည့်မယ် ဆိုရင် ပြည်ပကနေ တင်သွင်းလာတဲ့ ကုန်ပစ္စည်း တွေကို ပြည်သူတွေ ဝယ်ယူ သုံးစွဲနိုင်တဲ့ အတွက် စားနိုင်သောက်နိုင်လာတယ်လို့ ပြောနိုင်ပေမဲ့ ဖွံ့ဖြိုးမှုပိုင်းကို ကြည့်ရင်တော့ ပို့ကုန်က သွင်းကုန်ထက် ပိုမှသာ ဖွံ့ဖြိုးဆဲ အဆင့်ကနေ ဖွံ့ဖြိုး တိုးတက်တဲ့ အဆင့်ကို ရောက်ပြီလို့ ပြောနိုင်မှာ ဖြစ်တဲ့ အကြောင်း ဦးမော်သန်းက ပြောပါတယ်။
မြန်မာနိုင်ငံမှာ နောက်ထပ် ရင်းနှီး မြှုပ်မှုတွေ ကို တရုတ်၊ အိန္ဒိယနဲ့ အာရှ နိုင်ငံတွေ ကသာ ပြုလုပ် ကြပြီး အနောက် နိုင်ငံတွေကတော့ အခြေအနေကို စောင့်ကြည့်တဲ့ အနေ အထားသာ ရှိသေးတယ်လို့ ဦးမော်သန်းက ပြောပါတယ်။