လှည်းကူးက ကလေးတယောက် စစ်သားအဖြစ် စုဆောင်း ခံရ

ဓာတ်ပုံ မူပိုင် bbc
Image caption အသက်မပြည့် သေးဘဲ တပ်ထဲ ရောက်နေသူတွေ

ရန်ကုန်တိုင်း လှည်းကူးမြို့က အသက် ၁၆နှစ်အရွယ် မောင်သီဟမျိုး ကို ဇန္နဝါရီလကုန်ပိုင်းက တရပ်ကွက် ထဲနေ တပ်ကြပ်တဦး ကနေ စစ်သားအဖြစ် စုဆောင်းသွားပြီး အခု ရေနီ လေ့ကျင့်ရေးတပ်ကို ရောက်နေတယ်ကြားလို့ မိဘက သွားတွေ့ ပေမယ့် တွေ့ခွင့် မရတဲ့အတွက် အိုင်အယ်လ်အို ကို တိုင်ကြားလိုက်ပါတယ်။

လှည်းကူးမြို့ ရိပ်သာရပ်ကွက်မှာ နေတဲ့ ဦးနေမျိုး ဒေါ်စန်းစန်းမြင့်တို့ရဲ့သား အသက် ၁၆ နှစ်အရွယ် မောင်သီဟမျိုးကို ခလရ ၃၃၇ တပ်ရင်းက တပ်ကြပ် ၀င်းနိုင် ကနေ စစ်သားအဖြစ် စုဆောင်းပြီး ရေနီ လေ့ကျင့်ရေး တပ်ကို ပို့လိုက်တာဖြစ်ပါတယ်။

သားသမီး ၈ယောက်ရှိတဲ့ထဲက အကြီးဆုံး သားလည်းဖြစ် ဆိုက်ကား နင်းပြီး မိသားစုကို လုပ်ကိုင် ကျွေးနေတဲ့ ကလေးဖြစ်လို့ စစ်သားအဖြစ် စုဆောင်းသွားတာ သိသိချင်း မိခင်ဖြစ်သူက လိုက်ရှာ ခဲ့တယ်လို့ သိရပါတယ်။

သားလေးကို တပ်ကြပ်ကြီး ၀င်းနိုင် ခေါ်သွားတယ်လို့ ဆိုတာ သေသေချာချာ သိရတဲ့အချိန်မှာ တပ်ကြပ်ကြီး ၀င်းနိုင် ကို လိုက်ရှာတော့ သူမရဲ့ သားလေးကို ရောင်းစားလို့ ရတဲ့ ပိုက်ဆံနဲ့ ကာရာအိုကေ ဆိုနေတယ်လို့ မိခင်ဖြစ်သူက ဘီဘီစီကို ပြောပါတယ်။

တပ်ကြပ် ၀င်းနိုင် တာ၀န်ကျတဲ့ ခလရ ၃၃၇ ကနေ တဆင့် ရေနီ လေ့ကျင့်ရေး ၅ ကို ပို့လိုက်တယ်ဆိုလို့ ဧပြီ ၁၂ ရက်က လိုက်သွား တော့လည်း တာ၀န်ရှိသူ တွေက မရှိဘူး ပြောပြီး ပြန်လွှတ် လိုက်တာကြောင့် မနေ့က ပဲခူးမြို့က ကလေး စစ်သား အရေး အကူအညီ ပေးနေတဲ့ လမ်းပြကြယ် အဖွဲ့က တဆင့် အိုင်အယ်လ်အိုကို တိုင်ကြား လိုက်တာလို့ ပြောပါတယ်။

အခုရက်ပိုင်း နေ့စဉ်ရက်ဆက် ကလေး စစ်သား အရေး အကူညီပေး နေရတဲ့ အခြေအနေနဲ့ ဒီနှစ်ဆန်းပိုင်းမှာတင် ကလေးစစ်သား ၁၅ယောက် အတွက် ကူညီ ထားပြီး ဖြစ်တယ်လို့ လမ်းပြကြယ် အဖွဲ့ခေါင်းဆောင် ရှေ့နေ ဦးအေးမြင့်က ဘီဘီစီ ကိုပြောပြပါတယ်။

အိုင်အယ်လ်အိုအပါအ၀င် အစိုးရပိုင်း တာ၀န်ရှိသူတွေက ကလေး စစ်သား ပပျောက်ရေး သင်တန်းပေးတာတွေ လုပ်နေပေမယ့် ကလေး စစ်သား စုဆောင်းမှုတွေဟာ လျော့ကျ မသွားဘဲ ရှိမြဲ ရှိနေတယ်လို့ ကလေး စစ်သား အရေး အကူအညီ ပေးနေသူတွေ အပြောအရ သိရပါတယ်။