သမ္မတကို အကြံပေးမယ့်သူနဲ့ မေးမြန်းချက်

Thein Sein ဓာတ်ပုံ မူပိုင် AP
Image caption သမ္မတ ဦးသိန်းစိန်က အကြံပေး အဖွဲ့ကို ခန့်အပ် ခဲ့တာပါ။

သမ္မတရဲ့နိုင်ငံရေး အကြံပေးအဖွဲ့ အနေနဲ့ အဓိကတာဝန်ကတော့ နိုင်ငံတကာရေးရာ ကိစ္စရပ်တွေကို လေ့လာပြီး တင်ပြပေးသွားဖို့ ဖြစ်တယ်လို့ နိုင်ငံရေးအကြံပေး အဖွဲ့ ခေါင်းဆောင် ဦးကိုကိုလှိုင်က ဘီဘီစီကိုပြောပါတယ်။

နိုင်ငံတကာ ဖြစ်စဉ် ဖြစ်ရပ်တွေရဲ့ ရှေ့အလားအလားတွေ ကိုမှန်းဆ သုံးသပ်ပြီး ကိုယ့်နိုင်ငံရဲ့အကျိုးစီးပွား နဲ့နှိုင်းယှဉ် ကြည့်တာမျိုး ကိုယ့်နိုင်ငံ အပေါ်ဘယ်လို အကျိုး သက်ရောက်လာနိုင်မလဲဆိုတာမျိုး တွေကို လေ့လာ အကြံပြု သွားမယ်လို့ သူကဆိုပါတယ်။

ဒါပေမယ့် အခုမှ တရားဝင်စတင် ခန့်ထားတာ ဖြစ်တဲ့အတွက် လုပ်ငန်းတာဝန်တွေကို ဘယ်လို စရမယ်၊ ဘယ်လိုဆောင်ရွက်ရမယ် ဆိုတဲ့အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ လည်းပြောခဲ့ ပါတယ်။

ဦးကိုကိုလှိုင်က သူဟာအရင် အစိုးရလက်ထက်မှာ ကတည်းက ပြန်ကြားရေး ဝန်ကြီးဌာန သတင်းနဲ့စာနယ်ဇင်းမှာ တရားဝင် အကြံပေး ပုဂ္ဂိုလ် အဖြစ် ဆောင်ရွက်ခဲ့ ကြောင်း ပြောပါတယ်။

အရင်အစိုးရ လက်ထက်တုန်းက အကြံပေးချက်တွေသာ ရှိပြီး တကယ်တမ်း လိုက်နာဆောင်ရွက်တာမျိုး သိပ်မတွေ့ရဘူး ဆိုတဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး ဒါတွေဟာ ကြိုတင် ခန့်မှန်းချက်တွေသာ ဖြစ်တယ်၊ တကယ်တမ်းဘယ်လိုဖြစ်လာမလဲဆိုတာကို မပြောနိုင်သေးပါဘူးလို့ ဦးကိုကိုလှိုင်က တုန့်ပြန်ပါတယ်။

သူဟာ သမ္မတရဲ့မိန့်ခွန်းကို ရေးပေးသူဖြစ်တယ် ဆိုတဲ့ ခန့်မှန်းပြောဆိုမှု တွေနဲ့ပတ်သက်လို့လည်း၊ ဒါကို သမ္မတရဲ့ရုံးအဖွဲ့ကသာ ဆောင်ရွက်တာ ဖြစ်နိုင်ကြောင်း နဲ့ သူပါဝင် ပတ်သက်မှုမရှိပါဘူးလို့ ငြင်းဆိုသွားပါတယ်။