လွတ်ငြိမ်းချမ်းသာခွင့်ပါတီ၅ခုတောင်းဆို

ရွေးကောက်ပွဲမဲပေးဖို့တိုင်းရင်းသားတွေကိုသရုပ်ပြ
Image caption ရွေးကောက်ပွဲမဲပေးဖို့တိုင်းရင်းသားတွေကိုသရုပ်ပြ

ရွေးကောက်ပွဲဝင်းခဲ့တဲ့ချင်းအမျိုးသားပါတီ ကျားဖြူပါတီလို့လူသိများတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီတို့ဟာ ရန်ကုန်မြို့က ကျားဖြူပါတီရုံးမှာ၂ရက်တာ ဆွေးနွေးပြီးတော့ ပြည်တွင်းငြိမ်းချမ်းရေး ရရှိအောင်ဆောင်ရွက်ပေးဖို့ သမ္မတကို တောင်းဆို ထားပါတယ်။

ဆွေးနွေးတဲ့အထဲမှာတော့ လွှတ်ထဲမှာ တိုင်းရင်းသားပါတီတွေ တညီတညွှတ်ထဲစုပေါင်း တင်ပြဆွေးနွေးဖို့ကို ပြီးခဲ့တဲ့ အတွေ့အကြုံပေါ်မူတည်ပြီး မနေ့က ဆွေးနွေးခဲ့ကြပါတယ်။ဒီကနေ့မှာတော့ ဆွေးနွေးပွဲ အပြီးမှာတော့ သမတ ဦးသိန်းစိန် ပြောကြားချက်နဲ့ အစိုးရသစ်ကိုကြိုဆိုလိုက်ပြီး၊ တိုင်းရင်သားဒေသမှာ တည်ငြိမ် အေးချမ်းရအောင်လုပ်ဖို့၊ ပြည်နယ်-ပြည်မ ဒေသဖွံ့ဖြိုးရေးတန်းတူရေး၊ အကူ အညီပေးရေးနဲ့ အထွေထွေ လွှတ်ငြိမ်းချမ်း သာခွင့်ပေးဖို့ တွေကိုအဓိကထားပြီး တိုင်းရင်းသားပါတီ ၅ ပါတီက ကြေညာချက် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဆွေးနွေးပွဲမှာပါဝင်ခဲ့တဲ့ ကျားဖြူပါတီ ဗဟိုကော်မတီဝင် စောသန်းမြင့်ကတော့ လက်နက်ကိုင်အဖွဲချင်းထိပ်တိုက်မဆွေးနွေးဘဲ ကြားခံအဖွဲ့အစည်းတခုက ဝင်ရောက် ညှိနှိုင်းပေးရင် ပြေလည်မှုရနိုင်မယ်လို့ဘီဘီစီကိုပြောပါတယ်။

ကြားခံအဖွဲ့ဆိုရာမှာ လွှတ်တော်ထဲမှာပါတဲ့ ပါတီတွေသာမကဘဲ အပြင်က နိုင်ငံရေးအဖွဲ့တွေလည်းပါဝင်နိုင်တယ်လို့ ပြောပါတယ်။

အရင်ကတော့ နိုင်ငံရေးအကျဉ်းသား လွှတ်ပေးဖို့ ဒီမိုကရက်ပါတီ၁၁ခုအနေနဲ့ တောင်းဆိုခဲ့ပေမဲ့ အခုတော့ အစိုးရက နိုင်ငံရေးအကျဉ်းသားမရှိဘူးလို့ပြောနေတဲ့အတွက် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ပေးရေးကို တောင်းခံတာလို့ သိရပါတယ်။

ဒီလိုတောင်းတာဟာ ပြည်တွင်းသာမက ပြည်ပကနိုင်ငံရေးသဘောကွဲတဲ့သူတွေပါ လွတ်ငြိမ်းဖို့ပါဝင်ပြီး အစိုးရအနေနဲ့လည်းလွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ စဉ်းစားနေတယ်လို့ ထင်မြင်ယူဆကြောင်း စောသန်းမြင့်က ပြောပါတယ်။