မီဇိုးရမ်းမှာ မြန်မာအလုပ်သမားတွေ အဖမ်းခံနေရ

အိန္ဒိယမြန်မာနယ်စပ် အိန္ဒိယဘက်ခြမ်း မီဇိုးရမ်းပြည်နယ် အိုက်ဇောမြို့မှာ တရားမဝင် အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားတွေကို မီဇိုးရမ်းပြည်နယ် အစိုးရက လုံခြုံရေး အကြောင်းပြပြီး တအိမ်တက်ဆင်း လိုက်လံဖမ်းဆီးနေ တာကြောင့် မြန်မာအလုပ်သမားတွေ အလုပ်ပျက်အကိုင်ပျက် ပုန်းရှောင်နေကြရ ပါတယ်။

Image caption အိုက်ဇောမြို့ဟာ အိန္ဒိယမြန်မာနယ်စပ် အိန္ဒိယ ဘက်ခြမ်း မှာတည်ရှိပါတယ်

မီဇိုးရမ်းအာဏာပိုင်တွေက တအိမ်တက်ဆင်း ပိုက်စိပ်တိုက်ဖမ်းနေတာကြောင့် မနေ့ကနဲ့ ဒီကနေ့ ၂ ရက်အတွင်း လူဦးရေ ၈၀ ကျော် ဖမ်းဆီးခံခဲ့ရပြီ ဖြစ်ပါတယ်။

မြန်မာအများစုနေတဲ့ ကျော်မွန်ရပ်ကွက်နဲ့ ဇောင်းသွီရပ်ကွက်တွေမှာ ဒေသခံ မီဇိုးလူငယ် အဖွဲ့နဲ့ အာဏာပိုင် ရဲတွေပူးပေါင်းပြီး လိုက်ဖမ်း နေတာ ဖြစ်ပါတယ်။

ဖမ်းဆီးမှု အခြေအနေကိုတော့ မြန်မာ အလုပ် သမားတွေအရေး အကူအညီပေးနေတဲ့ မြန်မာလူမူရေးအသင်းရဲ့ အမှုဆောင်တယောက် ဖြစ်တဲ့ ကိုထွေးက ဘီဘီစီကို ခုလိုပြောပြပါတယ်။

'' ဇောင်းတွီမှာ မြန်မာအလုပ်သမားတွေ နေတဲ့ဖက်မှာက အခု လောလောဆယ် အခုနက ၄ ယောက်ဖမ်းတယ်။ တချို့လူတွေတော့ ထွက်ပြေးကုန် ကြတာပေါ့နော်။ ရဲကားနဲ့ပေါ့နော်။ မြန်မာပြည်သားတွေနဲ့ ကုလားတွေနဲ့လိုက်ပြီးတော့ ဖမ်းနေတာ တွေ့ရတယ်။ ပြီးတော့ ကျော်မွှန်ရပ်ကွက်မှာဆိုရင် ရပ်ကွက်အာဏာပိုင်တွေက အကုန်လုံး တအိမ်တက်ဆင်းဆင်းပြီးတော့ ဘယ်သူက နေထိုင်ခွင့်ရှိလဲ မရှိဘူးလဲ လိုက်ပြီးတော့ စစ်ဆေးတယ်။ မရှိတဲ့အိမ်တွေကို အခုဖမ်းတယ်ဆိုတော့ မနေ့က အဲ့ဒီရပ်ကွက်မှာတင် မိသားစု ၃၀ လောက် လူဦးရေ ၃၀၊ ကလေးအပါအ၀င်ပေါ့ အဲ့လို အဖမ်းခံရတယ်။ ''

မနှစ်က မီဇိုးရမ်း ပြည်နယ်အစိုးရသစ် တက်ပြီးနောက်ပိုင်း ဒီလိုဖမ်းဆီးတာဟာ ပထမဆုံး မဟုတ်ပေမယ့် အရင်က နေထိုင်ခွင့်ကဒ်ရှိရင်ပြန်လွှတ်ခဲ့ပါတယ်။ အခုနောက်ပိုင်းတော့ မူးယစ်ဆေးဝါးရောင်းဝယ်မှု ရာဇ၀တ်မှုတွေမှာ မြန်မာနိုင်ငံသားတွေ ပါဝင်ပတ်သက်တယ် ဆိုပြီး လုံခြုံရေးအကြောင်းပြ၊ တရားစွဲဆိုတာတွေကိုပါ လုပ်လာနေပါတယ်။

သင်္ကြန်တွင်း ဧပြီ ၁၅ ရက်ကဖမ်းတုန်းကဆိုရင် အလုပ်သမားအရေး အကူညီပေးနေတဲ့ လူမူရေးအသင်းတာ၀န်ရှိသူ ၆ ယောက်ပါဖမ်းခံရပြီး အာမခံနဲ့ တရားရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

ဒီလိုဖမ်းဆီးမှုတွေကြောင့် ဒေသခံ အလုပ်ရှင်တွေနဲ့ မြန်မာပြည်သား အလုပ်သမားတွေ ထိခိုက် နေရတဲ့အကြောင်း ကိုထွေးက ဆက်ပြောပြပါတယ်။

သင်္ကြန်တွင်းကဖမ်းထားတဲ့ မြန်မာနိုင်ငံသား ၁၃ယောက်ကို ခုချိန်ထိ ပြန်မလွှတ်သေးပါဘူး။ အခုနောက်ဆုံးရတဲ့သတင်းရ ဒီကနေ့နဲ့ မနေ့က မြို့လယ်ရဲစခန်းမှာ ဖမ်းဆီးထားသူတွေထဲ ကနေ အယောက် ၄၀ကို မြန်မာနယ်စပ်ကို ပြန်ပို့လိုက်တယ်လို့သိရပါတယ်။

တခြားရဲစခန်း ၃ခုမှာ ဖမ်းထားသူတွေကိုတော့ ဆက်လက်ထိမ်းသိမ်းထားတုန်းဖြစ်ပါတယ်။ မီဇိုးရမ်းပြည်နယ်မှာ တရားမ၀င်လာရောက်အလုပ်လုပ်ကိုင်တဲ့ မြန်မာပြည်သား ၅ သောင်း ကျော်ရှိမယ်လို့ အလုပ်သမားအရေး ကူညီနေသူတွေက ဆိုပါတယ်။