၂၀၁၄ မှာ မြန်မာ အာဆီယံ ဥက္ကဌ ဖြစ်လာ မှာလား

ASEAN ဓာတ်ပုံ မူပိုင် Reuters
Image caption မြန်မာ နိုင်ငံခြားရေး ဝန်ကြီးသစ် (ဝဲအစွန်) ကို အာဆီယံ ဝန်ကြီးများနှင့် တွေ့ရစဉ်

မြန်မာ နိုင်ငံဟာ ၂၀၁၄ ခုနှစ်ကျရင် လောနိုင်ငံရဲ့ အလှည့်ကျ နေရာမှာဝင်ပြီး အာဆီယံ ဥက္ကဌ အဖြစ် တာဝန် ယူလိုကြောင်း သမ္မတ ဦးသိန်းစိန်က လက်ရှိဥက္ကဌဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ သမ္မတ ကို တရားဝင်ပြောခဲ့တယ်လို့ ဂျကာတာမြို့မှာ သတင်းယူနေတဲ့ ထိုင်းသတင်းအယ်ဒီတာ တဦးက ဆိုပါတယ်။

အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး မာတီနာတာလေဂါဝါ ကလည်း မြန်မာနိုင်ငံ အာဆီယံဥက္ကဌ တာဝန်ယူရေးနဲ့ ပတ်သက်ပြီး ဆက်ဆွေးနွေးကြဖို့ရှိတယ် လို့ ပြောကြောင်း ဘန်ကောက်အခြေစိုက် The Nation သတင်းစာက အယ်ဒီတာတဦး ဖြစ်တဲ့ စူပါလတ်ကန်ချနာကွန်ဒီက ဘီဘီစီကိုပြောပါတယ်။

အာဆီယံအနေနဲ့ မြန်မာနိုင်ငံကို ဥက္ကဌ တာဝန်မပေးခင် မြန်မာနိုင်ငံဖက်က အဆင်သင့်ဖြစ်မဖြစ်ဆိုတဲ့အကြောင်း အရင် လေ့လာဦးမယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီးကပြောခဲ့ပြီး ဒီထဲမှာ မြန်မာနိုင်ငံကလူ့ အခွင့်အရေး အခြေအနေနဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု အခြေအနေတွေလည်း ပါနိုင်တယ်လို့ သူက ဆိုပါတယ်။

အာဆီယံ ကိုယ်စားလှယ် အဖွဲ့တခု မြန်မာနိုင်ငံ ကိုစေလွှတ်ဖို့ရှိတယ်ဆိုတဲ့ သတင်းတွေ စောစောပိုင်းက ထွက်ခဲ့ပေမယ့် မြန်မာနိုင်ငံရဲ့ အခြေအနေကို ဘယ်ပုံစံနဲ့ လေ့လာမလဲ ဆိုတာကတော့ မရှင်းလင်းလှသေးပါဘူး။

ဒါပေမယ့် အာဆီယံနိုင်ငံတွေဖက်က မြန်မာနိုင်ငံ ဥက္ကဌ အဖြစ်တာဝန်ယူမှာကို အပြင်းအထန် ကန့်ကွက်တာမျိုး မရှိသလို ၂၀၁၄ မှာ ဥက္ကဌ အလှည့်ကျတဲ့ လောနိုင်ငံ ဖက်ကလည်း ကန့်ကွက်တာမတွေ့ရဘူးလို့ စူပါလတ်က ပြောပါတယ်။

ဒါ့အပြင် အာဆီယံနဲ့ ဥရောပ ကြားစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ ဆွေးနွေးပွဲမှာလည်း မြန်မာကြောင့် နိုင်ငံအုပ်စုနှစ်ခုကြား ကုန်သွယ်ရေးကို မနှောင့်နှေး စေသင့် ကြောင်း စင်ကာပူနဲ့ ကမ္ဘောဒီးယား စီးပွားရေး ဝန်ကြီးတွေက ပြောဆိုခဲ့ကြတယ်လို့ ဂျကာတာမှာ ရောက်နေတဲ့ မြန်မာ သတင်းထောက်တဦးက ပြောပြပါတယ်။

အစည်းဝေး တက်ရောက်တဲ့ မြန်မာ ဖက်က စီးပွားရေး နဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ ဝန်ကြီး ဦးတင်နိုင်သိန်းကတော့ ညီလာခံမှာ တစုံတရာပြောကြားခဲ့တာမျိုး မတွေ့ရဘူးလို့ လည်းသူက ဆိုခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီး တွေကတော့ တံခါးပိတ်အစည်းအဝေး ကျင်းပခဲ့တာဖြစ်တယ်လို့ ဘီဘီစီကို ပြောပြခဲ့ပါတယ်။