ဦးတေဇ မိသားစု အီတလီကို သွားခဲ့

မြန်မာနိုင်ငံမှာ စစ်အစိုးရနဲ့ ပူးတွဲ စီးပွားရေးလုပ်ခဲ့တဲ့ လုပ်ငန်းရှင်ကြီး ဦးတေဇရဲ့ ဇနီးနဲ့ သမီးဖြစ်သူတို့ မကြာခင်က အီတလီနိုင်ငံကို လာရောက်ပြီးဆေးကုသ ခံယူသွားခဲ့တယ် ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပါတယ်။

Image caption ဦးတေဇနဲ့ မိသားစုကို ဥရောပ သမဂ္ဂက ပြည်ဝင်ခွင့် ပိတ်ထား

ဒီ သတင်းကို အီတလီနိုင်ငံက လာ ရီပူဘလီကာ သတင်းစာထဲမှာ ဖော်ပြခဲ့တာဖြစ်ပြီး အီတလီ သတင်းထောက်တယောက် မကြာသေးခင်က ရန်ကုန်ကို သွားပြီး ဦးတေဇရဲ့ အိမ်မှာ သူ့ကို တွေ့ဆုံမေးမြန်းပြီး ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဦးတေဇနဲ့ မိသားစုကို ဥရောပသမဂ္ဂက ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ထားတာမို့ ဘယ်လို သူတို့ အီတလီကို ရောက်လာနိုင်ခဲ့ပါသလဲဆိုတာ အီတလီ နိုင်ငံခြားရေး ဌာနကို စာရေးမေးထားတယ်လို့ အီတလီရဲ့ အကြီးဆုံး အလုပ်သမား သမဂ္ဂ ချီဆယ်က အမှုဆောင်အရာရှိ ချီချီလီယာ ဘရစ်ဂီက ပြောပါတယ်။

"ဗီဇာပိတ်ထားတာကို ပြီးခဲ့တဲ့ လက မှာ အီးယူအတွင်းမှာ သက်တမ်းထပ်တိုးထားပါတယ်။ ဒီကြားထဲက ဘယ်လို လာသွားနိုင်တာလဲ၊ ဘယ်သူက ဗီဇာထုတ်ပေးတာလဲ၊ ဘယ်လို အခြေအနေနဲ့ ထုတ်ပေးတာလဲ ဒါတွေ ရှင်းပြဖို့ နိုင်ငံခြားရေးဌာနက ညွှန်ချုပ်နဲ့ တွေ့ခွင့်တောင်းထားပါတယ်။ အီးယူနိုင်ငံတွေထဲမှာ ဗီဇာ ကန့်သတ်ထားတဲ့ လူတွေ ရောက်လာနေတယ်ဆိုရင် ဘယ်သူက တာဝန်ရှိသလဲ၊ ဘယ်လို စစ်ဆေးကြသလဲ ဆိုတာတွေ သိချင်ပါတယ်။"

သတင်းအရတော့ ဦးတေဇရဲ့ မိသားစုဟာ သမီးကို ဆေးကုဖို့ မီလန်မြို့ကို ရောက်လာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဦးတေဇကိုယ်တိုင် အီတလီကို လာသွားသလားဆိုတာလဲ ရှင်းရှင်းလင်းတော့ မသိရသေးပါဘူး။ မိဘတွေကို ပိတ်ပင်ထားတာနဲ့ ကလေးဆေးကုသခွင့် ဆုံးရှုံးရတာမျိုးကို မလိုလားပေမဲ့ စည်းကမ်းအတိုင်း ဖြစ်တာကို တွေ့ချင်တယ်လို့ မစ္စက်ချီချီလီယာက ပြောပါတယ်။

တကယ်တော့ ဥရောပ ၂၅ နိုင်ငံကို သွားခွင့်ရှိတဲ့ ရှဲန်ဂန်ဗီဇာ ကို အဲဒီ အဖွဲ့ဝင် တနိုင်ငံက ယူလာပြီးမှ အီတလီကို ဝင်လာသလား၊ တခြား ဥရောပ နိုင်ငံတွေကို ရော သွားသေးသလားဆိုတာလဲ စုံစမ်းနေတယ်လို့ ပြောပါတယ်။

ဦးတေဇက အီတလီ သတင်းထောက်ကို သူ့အိမ်မှာ ရှိနေတဲ့ တန်ဖိုးကြီးလှတဲ့ ပရိဘောဂတွေကို ပြပြီး အီတလီက ဝယ်လာတာလို့လဲ ပြောတယ်လို့ဆိုပါတယ်။ အီတလီအပါအဝင် ဥရောပနိုင်ငံကြီးတချို့က စီးပွားရေးသမားတွေက မြန်မာနိုင်ငံနဲ့ စီးပွားရေးလုပ်ငန်းတွေ ပြန်စဖို့ ဆန္ဒရှိနေကြတယ်လို့လဲ ချီချီလီယာကပြောပါတယ်။

အီတလီက ပရိဘောဂဆိုင်ကြီးတချို့မှာဆို တင်သွင်းခွင့် တားမြစ်ထားတဲ့ ကုန်ပစ္စည်း ဖြစ်တဲ့ မြန်မာနိုင်ငံက ကျွန်းသစ်တွေ တွေ့နေရတုန်းပဲ လို့လဲ ဆိုပါတယ်။

အီးယူရဲ့ မြန်မာ နိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ပီယာရိုဖက်ဆီနိုကိုတော့ မြန်မာ အစိုးရက လာခွင့်မပေးသေးပဲ အီးယူက ဗီဇာပိတ်ထားတဲ့ ဦးတေဇရဲ့ မိသားစု အီတလီကို လာသွားနိုင်တာကို အီတလီအစိုးရ ဘယ်လို ဖြေရှင်းမလဲဆိုတာ ကြားချင်တယ်လို့လဲ အီတလီ အလုပ်သမားသမဂ္ဂ ချီဆဲလ်ရဲ့ အမှုဆောင် မစ္စက် ချီချီလီယာက ပြောသွားပါတယ်။