စာရေးဆရာ နတ်နွယ် ကွယ်လွန်

nat_nwe ဓာတ်ပုံ မူပိုင် bbc
Image caption ဆရာနတ် လို့ စာပေ အသိုင်းအဝိုင်း က တလေး တစား ခေါ်ကြတဲ့ စာရေးဆရာ နတ်နွယ် (ပန်းချီ ထိန်လင်း)

ပင်ကိုယ်ရေး စာအုပ်တွေ၊ ဘာသာပြန် စာအုပ်တွေ အများအပြား ကို ရေးသား ခဲ့တဲ့ စာရေးဆရာ နတ်နွယ် ဟာ ဗုဒ္ဓဟူးနေ့ နေ့လည် ပိုင်း က လူကြီး ရောဂါ နဲ့ ရန်ကုန် ဒဂုံ မြို့သစ် မြောက်ပိုင်း က သူ့ရဲ့ နေအိမ်မှာ ကွယ်လွန် ခဲ့ ပါတယ်။

ကွယ်လွန်ချိန် မှာ အသက် ၇၈ နှစ်ရှိပြီ ဖြစ်တဲ့ ဆရာ နတ်နွယ် ဟာ ၁၉၅၀ ခုနှစ် ကတည်း က စလို့ စာပေလောက ထဲကို ဝင်ရောက် ခဲ့ပြီး သူ့ရဲ့ ပင်ကိုယ်ရေး စာအုပ်တွေ ထဲမှာ မြန်မာပြည် မြောက်ပိုင်း လို့ အမည်ပေးထားတဲ့ သမိုင်း နောက်ခံ ဝတ္တု က သူ့ ရဲ့ နာမည် အကြီးဆုံး လက်ရာ တခု ဖြစ်ပါတယ်။

စာရေးဆရာ မင်းကျော် နဲ့ တွဲဖက်လို့ မလိခ ဆိုတဲ့ ကလောင် ကို ၂ဦးသား ပူးတွဲ ယူကာ ရေး ခဲ့တဲ့ မြန်မာ ဝတ္တု အညွှန်း စာအုပ် ကလည်း ထင်ပေါ် ခဲ့ ပါတယ်။

ရောမ က မိန်းမပျက် ဘာသာပြန် ဝတ္တု ကလည်း သူ ဘာသာပြန် ခဲ့တဲ့ လက်ရာ တွေထဲမှာ လူပြောများ ပါတယ်။

၂၀၀၂ ခုနှစ် မှာ တော့ ကာရာမာဇော့ ညီအကိုများ ရုရှ ဝတ္တု ရှည်ကြီး တပုဒ် ကို သူ ဘာသာ ပြန် ရေးသား ခဲ့ပြီး အဲဒီစာအုပ် နဲ့ ဘာသာပြန် အမျိုးသား စာပေဆု ကို သူ ဆွတ်ခူး ခဲ့ ပါ တယ်။

မိုးဝေ မဂ္ဂဇင်း မှာ ကဗျာတွေ ရေးသားခဲ့တဲ့ ကဗျာဆရာ မောင်လွမ်းဏီ က စာပေ အသိုင်း အဝိုင်း အကြား မိုးဝေ ကဗျာခေတ် တခေတ် လို့ မှတ်တမ်းတင် ကြရတဲ့ ထိ ဖြစ်ခဲ့တဲ့ အဲဒီ မိုးဝေ ကဗျာ တွေ ကို ပျိုးထောင်ပေးတာ ဆရာ နတ်နွယ် ဖြစ်ကြောင်း ပြောပါတယ်။

စာရေးဆရာ နတ်နွယ် ဟာ မိုးဝေမဂ္ဂဇင်း မှာ အယ်ဒီတာချုပ် တာဝန်ယူခဲ့သလို နောက်ပိုင်း မှာလည်း နွယ်နီ မဂ္ဂဇင်း အယ်ဒီတာချုပ် တာဝန်ယူ ခဲ့သူပါ။

ကွယ်လွန်သူ စာရေးဆရာ နတ်နွယ် ရဲ့ ရုပ်ကလာပ် ကို မေလ ၁၃ ရက် ညနေ အချိန် ရေဝေး သုသာန် မှာ သင်္ဂြိုလ် မှာ ဖြစ်ကြောင်း သိရ ပါတယ်။